ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၃၁)မှာတော့ ရီးယဲလ်အသင်းဟာ အိမ်ကွင်းမှာ အီဘာအသင်းကို ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ၂ – ၁ အီဘာ

ရီးယဲလ်အသင်းကတော့ ဒီပွဲမှာ လူစာရင်းပိုင်းအပြောင်းအလဲတချို့လုပ်လာခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ဘန်ဇီမာ Benzema ကတာဝန်ယူခဲ့ပါတယ်။ ပွဲအစပိုင်းမှာလောက်ပဲ ရီးယဲလ်အသင်းဟာ အီဘာကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အသင်းရဲ့ခြေစွမ်းကတော်တော်လေးကို ကျဆင်းသွားခဲ့ပါတယ်။ အီဘာအသင်းကလည်း သိပ်အကောင်းကြီးမဟုတ်ပေမယ့် ရီးယဲလ်ကိုယ်တိုင်က ပျက်နေတာမျိုးဖြစ်ပြီး ခံစစ်ပိုင်းမှာလည်း ဟာကွက်တွေဖြစ်နေသလို ဒီအနေအထားတွေကြောင့်ပဲ ပွဲချိန်(၃၉)မိနစ်မှာ ဂိုးစပေးခဲ့ရပါတယ်။ ဒီဂိုးမှာတော့ အီဘာအသင်းရဲ့ နားလည်မှုပြည့်ဝတဲ့ အတွဲအဖက်ကို မြင်ခဲ့ရပြီး ကာဒိုနာ Cardona ကသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးယဲလ်အသင်းဟာ ချေပဂိုးရဖို့ ဖိဖိစီးစီးကစားလာခဲ့သလို ဘန်ဇီမာအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လူကျွံတယ်လို့ သတ်မှတ်ခဲ့တာကြောင့် ရီးယဲလ်အသင်းနစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် ပွဲချိန်(၅၉)မိနစ်မှာ ရီးယဲလ်အသင်းချေပဂိုးရရှိခဲ့ပြီး ဘန်ဇီမာ ကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီဖြစ်သွားတဲ့ အချိန်မှာတော့ ပွဲကပိုစိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဘေးလ် Bale ၊ မိုဒရစ် Modric တို့နေရာမှာ တိုနီကရူးစ် Toni Kroos ၊ ဗက်ကေးဇ် Vazquez တို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပြီး သူတို့နှစ်ဦးဝင်လာတဲ့ အချိန်မှာ ကွင်းလယ်ပိုင်းကပိုကောင်းလာခဲ့သလို တိုနီကရူးစ် ရဲ့ ဘောလုံးဖြန့်ဝေမှုတွေကြောင့် နေရာလွတ်တွေပိုရလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပွဲကို ရီးယဲလ်အသင်းဟာ စိတ်ကြိုက်စိုးမိုးထားခဲ့သလို ပွဲချိန်(၈၁)မိနစ်မှာတော့ တိုနီကရူးစ် ရဲ့ ဖြတ်တင်ဘောကနေ ဘန်ဇီမာ ကခေါင်းတိုက်ပြီး ရီးယဲလ်အသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ ဒီပွဲမှာတော့ ဘန်ဇီမာ ဟာ ဟက်ထရစ်ရဖို့ ကံမပါခဲ့ဘူးလို့ ပြောရမှာဖြစ်ပြီး သွင်းဂိုးတစ်ဂိုးကို ကွင်းလယ်ဒိုင်က ငြင်းပယ်ခဲ့သလို ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးတချို့ကိုလည်း လွဲချော်ခဲ့ပြီး အပိုင်ကန်ချက်တစ်ကြိမ်ကလည်း တိုင်ထိထွက်ခဲ့ရပါတယ်။

Photo: Real Madrid Twitter , Laliga Twitter
Ko Kyue(Akhayar)
www.akhayar.com