ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၂၈)မှာတော့ ရီးယဲလ်အသင်းဟာ အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုအသင်းကို ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ၂ – ၀ ဆယ်လ်တာဗီဂို

နည်းပြ ဇီဒန်း Zidane ရဲ့ ရီးယဲလ်အသင်း ပွဲထွက်လူစာရင်းမှာတော့ အပြောင်းအလဲတွေ မြင်တွေ့ခဲ့ရပြီး ဆိုလာရီ Solari လက်ထက်ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့ နာဗတ်စ် Navas ၊ မာဆယ်လို Marcelo ၊ အစ္စကို Isco နဲ့ အဆန်စီယို Asensio တို့ပါဝင်လာခဲ့ကြပါတယ်။ ရီးယဲလ်အသင်းဟာ ပထမပိုင်းမှာ ဆယ်လ်တာဗီဂို ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီး ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေကိုတော့ သိပ်ပြီးမလုပ်နိုင်ခဲ့ပါဘူး။ ဆယ်လ်တာဗီဂိုအသင်းကတော့ စုဖွဲ့မှုကိုအားပြုခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရီးယဲလ်အသင်း ကိုတုန့်ပြန်ကစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံးအခွင့်အရေးသိပ်မရခဲ့ပေမယ့် ရရှိခဲ့တဲ့ အခွင့်အရေးတစ်ကြိမ်စီကိုလည်း နှစ်ဖက်အသင်းဂိုးသမားတွေဖြစ်တဲ့ နာဗတ်စ် နဲ့ ဘလန်ကို Blanco တို့လက်စွမ်းပြကာကွယ်နိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးယဲလ်အသင်းဟာ ပွဲကိုပိုစိုးမိုးထားနိုင်ခဲ့ပြီး ပထမပိုင်းကထက် တိုက်စစ်ဆင်မှုတွေပိုလုပ်နိုင်ခဲ့သလို ပွဲချိန်(၆၂)မိနစ်မှာတော့ ဂိုးစရခဲ့ပါတယ်။ ဒီဂိုးကိုတော့ အဆန်စီယို တစ်ကိုယ်တော် အစွမ်းနဲ့ထိုးဖောက်ပြီး ချပေးလိုက်တဲ့ ဘောလုံးကို ဘန်ဇီမာ ကဂိုးရှေ့ကို ပြန်ချိုးပေးခဲ့သလို ဒီအနေအထားကနေ အစ္စကို က ပြေးဝင်ပိတ်သွင်းယူခဲ့တာပါ။ ဂိုးရပြီးနောက်ပိုင်းမှာလည်း ရီးယဲလ်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှုတွေ လုပ်နိုင်ခဲ့ပေမယ့် ဆယ်လ်တာဗီဂိုဂိုးသမား ဘလန်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၇၇)မိနစ်မှာတော့ ရီးယဲလ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး မာဆယ်လို ထည့်ပေးလိုက်တဲ့ ဘောလုံးကို ဘေးလ် Bale က အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ ဒီပွဲကို အနိုင်ရရှိခဲ့ပေမယ့် လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး အသင်းရဲ့ ခြေစွမ်းပိုင်းအရ ရေရှည်မှာ တိုးတက်လာမယ့် အခြေအနေတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ဇီဒန်း ပွဲထုတ်ခဲ့တဲ့ မာဆယ်လို နဲ့ အဆန်စီယို တို့ကခြေစွမ်းပြကစားနိုင်ခဲ့ကြပြီး အစ္စကို ကလည်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သူ့အတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

Photo: Laliga Twitter , Real Madrid Twitter
Ko Kyue(Akhayar)
www.akhayar.com