ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ Nations League ပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ ပေါ်တူဂီအသင်းက နယ်သာလန်ကို ( ၁ – ၀ )နဲ့ အနိုင်ရရှိခဲ့ပြီး Nations League ချန်ပီယံဆုကို ရရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပေါ်တူဂီ ၁ – ၀ နယ်သာလန်

ဒီပွဲမှာတော့ ပေါ်တူဂီအသင်းဟာ ပွဲထွက်လူစာရင်းပိုင်း အပြောင်းအလဲတချို့လုပ်ခဲ့ပြီး နယ်သာလန်အသင်းကတော့ ပုံမှန်လူစာရင်းနဲ့သာ ပွဲထွက်လာခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ပွဲအစကတည်းက နယ်သာလန်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေကိုတော့ မလုပ်ပြနိုင်ခဲ့ပါဘူး။ ပထမပိုင်းရဲ့ နောက်ပိုင်းမိနစ်တွေမှာတော့ ပေါ်တူဂီအသင်းရဲ့ ထိုးဖောက်ချက်တွေက ပိုကောင်းလာခဲ့ပြီး နယ်သာလန်ဂိုးသမား စီလက်ဆန် Cillessen ကာကွယ်နေလို့သာ ဂိုးမရခဲ့တာပါ။ ပေါ်တူဂီအသင်းအတွက် စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဘာနာဒိုဆေးဗားလ် Bernardo Silva ၊ ဖာနန်ဒက်ဇ် Fernandes တို့က ပုံစံကောင်းပြနိုင်ခဲ့ကြပြီး နယ်သာလန်ခံစစ်ကို အလုပ်များစေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲက ပိုမြိုင်လာခဲ့သလို ပေါ်တူဂီအသင်းကလည်း ပထမပိုင်းကထက် နယ်သာလန်ဘက်ကို ဖိအားပေးကစားလာနိုင်ခဲ့ပါတယ်။ ပွဲချိန်မိနစ်(၆၀)မှာတော့ ပေါ်တူဂီအသင်းဂိုးရခဲ့ပြီး ဘာနာဒိုဆေးဗားလ် ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂွီဒက်စ် Guedes က ကန်ချက်ကောင်းကောင်းနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်မှာတော့ နယ်သာလန်အသင်းချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီပိုင်း Depay ရဲ့ခေါင်းတိုက်ချက် တစ်ကြိမ်လောက်ပဲ လောက်လောက်လားလားရှိခဲ့ပြီး ပေါ်တူဂီခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ နယ်သာလန်အသင်းရဲ့ ဒီပွဲကစားပုံကတော့ ဝေဖန်ချင်စရာကောင်းခဲ့ပြီး လျော့တိလျော့ရဲနိုင်ခဲ့ပါတယ်။ အခု ရရှိခဲ့တဲ့ Nations League ချန်ပီယံဆုဟာ စီရော်နယ်လ်ဒို ပေါ်တူဂီအသင်းနဲ့အတူ ဒုတိယအကြိမ်မြောက်ရရှိခဲ့တဲ့ ဆုဖလားဖြစ်ခဲ့ပါတယ်။ Nations League ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲမှာတော့ အင်္ဂလန်က ဆွစ်ဇာလန်အသင်းကို ပယ်နယ်တီနဲ့ အနိုင်ရရှိခဲ့ပြီး တတိယရရှိခဲ့ပါတယ်။

Photo: The Independent , Evening Standard , Daily Mail
Ko Kyue(Akhayar)
www.akhayar.com