ခုလို နွေရာသီကြီးမှာ အပူပိုင်းဒေသ ပုဂံတို့ ဘာတို့ သွားတဲ့ လူတွေ ရှိသလို အေးတာကိုမှ ခံစားချင်တဲ့ သူတွေ ရှိပါသလား။ ဒါဆိုရင်တော့ ချင်းပြည်နယ်ထဲက ခေါ်နူးစုမ် ခေါ် ဝိတိုရိယတောင် ခေါ်  နတ်မတောင်ကိုသာ သွားပါ။

သဘာဝအတိုင်း ရှိနေသေးတဲ့ အလှအပတရားတွေ၊ တိမ်တွေ ကြားထဲကို ရောက်သွားသလို ခံစားရမှာတွေ၊ ရန်ကုန်လို မြို့ကြီးတွေမှာ မရနိုင်တော့တဲ့ အေးမြမှုတွေ၊ အင်တာနက်၊ လူမှုကွန်ယက်တွေနဲ့ ဝေးရာနေရာလေး ကို ခံစားရမှာပါ။ ရိုးရာသဘာဝ ခေါင်ရည်ကို နွားနောက်သားလေးနဲ့ မြည်းစမ်းလို့လည်း ရပါသေးတယ်။

ဘယ်လို သွားမလဲ

ပုံမှန်ဆို ပုဂံကို လေယာဉ်နဲ့ သွား၊ အဲဒီကနေ ကန်ပက်လက်ကို ကားစီးလုံးငှားပြီး သွား၊ ကန်ပက်လက်ကနေမှ နတ်မတောင်ကို ဆက်တက်ကြတာပါ။ ကျွန်တော်တို့ကတော့ သူငယ်ချင်းအုပ်စုလိုက် Budget Trip ဆိုတော့ ရန်ကုန်ကနေ ချောက်ကို Express ကားနဲ့ သွား၊ ချောက်ကနေမှ ကန်ပက်လက်ကို ကားစီးလုံးငှားပြီး တက်ပါတယ်၊ တောင်ခြေမှာ တစ်ညအိပ်ပြီးမှ နတ်မတောင်ကို ဆက်တက်ကြတာပါ။

ဘယ်မှာ တည်းမလဲ

ဘက်ဂျက်သွားမယ်ဆို ရွေးချယ်စရာ ဟိုတယ် ၃ခုလောက် ကန်ပက်လက်မှာ ရှိပါတယ်။ ၁) Mountain Oasis (ဖုန်း ၀၉ ၄၇၁၇၀၂၁၉၊ ၀၉၂၅၀၁၄၇၂၀၈) သူကတော့ ၂ ယောက်ခန်းတစ်ခန်းကို ၄သောင်းခွဲကျပ်လောက်က စရှိပါတယ်။ ၂) Pine Wood Villa (ဖုန်း ၀၉၆၅၆၅၅၈၄)သူကလည်း Mountain Oasis နဲ့ ဘေးချင်းကပ်ရပ်ပါပဲ။ ၂ ယောက်ခန်းတစ်ခန်းကို ၅ သောင်းပါ။ ၃) နောက်တစ်ခုကတော့ Floral Breeze Hotel ပန်းလေပြေ (ဖုန်း ၀၉၄၅၀၀၂၃၇၁၀ )ပါ၊ ၂ယောက်ခန်းတစ်ခန်းကို ၅သောင်းခွဲပါ။ ကျွန်တော်တို့ကတော့ Pine Wood မှာ တည်းပါတယ်။ ရေချိုးဖို့ ရေပူ၊ရေအေး ရပါတယ်။ တောင်စောင်းမှာ မေးတင်ထားတဲ့ ဘန်ဂလိုလေးတွေက လှသလို မြင်ရတဲ့ ရှုခင်းလည်း အရမ်းလှပါတယ်။ ထင်းရှူးပင်တွေကြား၊ ကြယ်တွေကို ပြန့်ပြန့်ပြူးပြူး မြင်နိုင်တဲ့ နေရာလေးပါ။Asian Heritage Park

သွားစရာ လာစရာ

စနေ၊တနင်္ဂနွေ ၂ရက် ခရီးစဉ်ပါ။ ရန်ကုန်ကနေ ည ၈နာရီ Express ကားနဲ့ စထွက်ပြီး ချောက်ကို မနက် ၆နာရီလောက် ရောက်ပါတယ်။ ချောက်မှာ မနက်စာစားပြီး မနက် ၈နာရီလောက် Hyundai Starex  ၁၂ ယောက်စီးအမျိုးအစား ကားစီးလုံးငှားသွားတာ ချောက်ကနေ ကန်ပက်လက်ကို ၅ နာရီလောက်မောင်းရပါတယ်။ ဟိုတယ်မှာ အထုပ်တွေ ချ၊ အခန်းယူ၊ နေ့လည်စာကိုတော့ ဟိုတယ်မှာပဲ မှာစားလိုက်ပြီးတော့ အနီးအနားက ရွာတွေကို လျှောက်လည်ပြီး ပါးရဲထိုးထားတဲ့ ချင်းအဖွားတွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ကြ။နောက်တစ်နေ့မနက်စောစောထပြီး ကန်ပက်လက်ကနေ ကားနဲ့ တက်လို့ ရတဲ့ ၁၀ မိုင်စခန်းကို ဟိုတယ်ကနေ နာရီဝက်လောက် မောင်းရပါတယ်။

chin lady with facial Tattoo

၁၀မိုင်ခရီးရောက်ရင်တော့ နတ်မတောင် အမျိုးသားဥယျာဉ်ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရမှာ ဖြစ်ပြီး ဆိုင်ကယ် Stand ရှိပါတယ်။ လမ်းလျှောက်တတ်ရင် ၃ နာရီ၊ ၃နာရီခွဲလောက် ကြာပြီး ဆိုင်ကယ်နဲ့ ဆိုရင်တော့ နာရီဝက်လောက်ပဲ ကြာပါတယ်။ ဆိုင်ကယ်နဲ့ဆို အတက် တစ်ကြောင်း ၅ထောင်ကျပ်ပါ။ ကျွန်တော်တို့ကတော့ ဒီတောင်တက်ဖို့ပဲ သီးသန့်လာတဲ့ အပြင် ရာသီဥတုကလည်း အေးစိမ့်နေတော့ ခြေလျင်ပဲ တက်ပြီး နားလိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့ ရှုခင်းတွေကိုလည်း ခံစား၊ ရှုခင်းပုံတွေရော၊ လူပုံတွေရော အမိုက်စား စိတ်ကြိုက်ရိုက်ကြပါတယ်။

တောင်ပေါ်ရောက်ပြီဆိုရင်တော့ အာဆီယံအမွေအနှစ်ဥယျာဉ် (Asian Heritage Park) ဆိုပြီး ဆိုင်းဘုတ်တွေ့နိုင်ပြီး နောက် ၅ မိနစ်လောက် ထပ်တက်လိုက်ရင် တောင်ထိပ်ကို ရောက်ပါပြီ။ တောင်ထိပ်ကနေ ကြည့်လိုက်ရင် မျက်စိတဆုံးတောင်တန်းတွေနဲ့ လှပလွန်းတဲ့ မြင်ကွင်းကို တွေ့ရမှာမို့ အမောပြေစေမှာပါ။ အဆင်းကိုတော့ အချိန်သက်သာအောင် ဆိုင်ကယ်နဲ့ ဆင်းပါတယ်။ အဆင်းလည်း တစ်ကြောင်း ၅,၀၀၀ ကျပ်ပါ။

Sun set on Mount Victoriaa

အကြံပေးချင်တာတွေ

  • လူအုပ်စုများများသွားပါ။ ကားခ၊ အစားအသောက်ခ မျှပေးရတာ ပိုသက်သာစေသလို လူများလေ ပိုပျော်ဖို့ ကောင်းလေပါပဲ။
  • မီးက အချိန်နဲ့ပဲ ဟိုတယ်က မောင်းပေးပါတယ်။ညနေ ၆နာရီကနေ ည ၁၀နာရီအထိပါ။
  • ဖုန်းက MPT တစ်မျိုးပဲ မိပါတယ်။ ဒါတောင်မှ ၄၃၀၊၄၂၀ နံပါတ်နဲ့ စတဲ့ ဖုန်းတွေပဲ မိပါတယ်။
  • မနက်စောစောပိုင်းမှာ အရမ်းအေးပါတယ်။ ဖြစ်နိုင်ရင် အနွေးထည်၊လက်အိပ်၊ခြေအိပ်၊ ခေါင်းစွပ်၊မာဖလာ အပြည့်အစုံဝတ်သွားပါ။
  • အအေးချိန်က နေ့ခင်းဘက် 17·c လောက်နဲ့ ညဘက် 11·c လောက်ရှိပါတယ်။ မနက်စောစောကတော့ 7·c  လောက် ရှိပါလိမ့်မယ်။
  • ဟိုတယ်မှာ အခန်းယူတာ၊ ထမင်းမှာစားတာတွေ လုပ်ရင် သေသေချာချာ မေးပြီးမှ စားပါ။ သူတို့နဲ့ ဘာသာစကားကွာခြားမှု၊ နားလည်မှုကွာခြားတာတွေကြောင့် ရှုပ်ကုန်မှာ စိုးလို့ပါ။
  • တောင်တက်မယ်ဆို ရေဗူး၊ မုန့်အကုန် ယူသွားပါ။ တောင်တက်ခရီးက ကြာတဲ့ အပြင် အပေါ်မှာ ဘာမှ မရောင်းပါဘူး။ ဖြစ်နိုင်ရင် Mask ပါ တပ်သွားပါ၊ ဖုန်အရမ်းထူပါတယ်။
  • အမောမခံနိုင်သူတွေ၊ အဖိုး၊အဖွားအရွယ်နဲ့ ကလေးသူငယ်တွေ တက်ဖို့ အဆင်မပြေလောက်ပါဘူး။ တောင်လမ်းက မမတ်ပေမယ့် အရမ်းဝေးလွန်းလို့ပါ။
  • အစားအသောက်ကောင်းကောင်းစားရဖို့ထက် တောလမ်းခရီးသွားရတာ ကြိုက်တဲ့ သူတွေ အတွက် ပိုသင့်တော်တဲ့ ခရီးမျိုးပါ။
  • မုန့်တွေ အဆင်ပြေရင် ဝယ်သွားပါ၊ အဲဒီနားတဝိုက်က ချင်းကလေးငယ်တွေကို ဝေပေးလို့ ရတာပေါ့။
  • ထမင်းစားရင် မြို့ထဲက ကန်ပုလဲ(ဖုန်း 098304643 )ဆိုတဲ့ ချင်းရိုးရာဆိုင်စားကောင်းပါတယ်၊ ချင်းရိုးရာ ကြက်သားသုတ်၊ ဝက်သားပြာဟင်း၊ ဆာဗူးဒီးလို့ ခေါ်တဲ့ ချင်းရိုးရာ စွတ်ပြုတ်၊ နွားနောက်သားနဲ့ ခေါင်ရည်ကောင်းကောင်းလည်း ဝယ်လို့ ရပါတယ်။
Top view from Mount Victoria

ကုန်ကျစရိတ်

ဒါကတော့ ကျွန်တော်တို့ သွားခဲ့တဲ့ ၁၀ ယောက် တစ်ဖွဲ့စာ ဈေးပါ။

  • ရန်ကုန်ကနေ ချောက် Express ကားလက်မှတ် – တစ်ဦးလျှင် ၁၂၀၀၀ ကျပ်ခန့်
  • ချောက်မှ နတ်မတောင်၊နတ်မတောင်မှ ချောက် ကားစီးလုံးငှား (၁၂ယောက်စီး) -တစ်ရက် ၁၀၀,၀၀၀ ကျပ် x ၂ ရက် =၂၀၀,၀၀၀+ ဆီဖိုး ၆၀,၀၀၀ ကျပ် = ၂၆၀,၀၀၀ ကျပ် ။ ကားခ – တစ်ယောက် ၂၆,၀၀၀ စီ
  • ဟိုတယ်အခန်း (၂ယောက်ခန်း) တစ်ည အိပ် = ၅၀,၀၀၀ကျပ် ၊ ဟိုတယ်ခ -တစ်ယောက် ၂၅,၀၀၀ စီ
  • နေ့လည်စာ ဟိုတယ်မှ ထမင်းဟင်း မှာစား – ဘူဖေး ၁ယောက် ၅,၀၀၀ ကျပ်
  • ညစာ ဟိုတယ်မှ ထမင်းဟင်းမှာစား = ဘူဖေး တစ်ယောက် ၅,၀၀၀ ကျပ်
  • ကန်ပက်လက်မြို့ထဲမှာ ထမင်းစား =စုစုပေါင်း ၄၀,၀၀၀ ကျပ် (၁၀ယောက်) ၊ တစ်ယောက် ၄,၀၀၀ ကျပ်
  • အပြန် ချောက်မှ Express ကားခ = ၁၂၀၀၀ ကျပ်ခန့် (တစ်ဦးလျှင်)
  • တစ်ယောက်စီအတွက် စုစုပေါင်းကုန်ကျနိုင်ငွေ = ၈၉,၀၀၀ ကျပ်ခန့် (တစ်ဦးလျှင်)

* အဝေးပြေးကားဂိတ်ကို လာတဲ့ စရိတ်၊ လက်ဖက်ရည်၊မုန့်စတဲ့ စရိတ်တွေ ပေါင်းလျှင် လူတစ်ဦးကို ၁၀၀,၀၀၀ စွန်းစွန်းလောက် ကုန်ကျနိုင်*

*မီးပုံပွဲ ကုန်ကျစရိတ် = ၂၀,၀၀၀ ကျပ်၊ မီးပုံပွဲ + ခေါင်ရည် = ၅၀၀၀၀ ကျပ်နဲ့ ဟိုတယ်ကို စီစဉ်ခိုင်းလို့ ရပါတယ်။ အပေါ်က စရိတ်တွေမှာတော့ မီးပုံပွဲစရိတ်ကို ထည့်တွက်မထားပါဘူး။*

အဲဒီတော့ အခရာပရိသတ်တွေထဲက လူငယ်တွေလည်း ဖြစ်၊ စွန့်စွန့်စားစား Budget Tour လေးလည်း သွားချင် ၊ သူငယ်ချင်း အုပ်စုလည်း တောင့်ရင် ခေါနူးစုမ်ခေါ် နတ်မတောင်ကို သွားဖို့ အကြံပြုရင်း ဒီ Trip Review က အထောက်အကူဖြစ်မယ်လို့ အခရာအဖွဲ့သားတွေက မျှော်လင့်ပါတယ်ခင်ဗျာ။

ရိုးလူ (Akhayar)

www.akhayar.com

Photo Credit : Thae Su Mon, Moe Thauk