အခရာပရိသတ်ကြီး မင်္ဂလာပါခင်ဗျ။ ဒီတစ်ပတ်တော့ အခရာရဲ့ အစားအသောက်ချစ်သူတွေအတွက် မနက်စာကောင်းကောင်းလေးရတဲ့ ဆိုင်လေး တစ်ဆိုင်အကြောင်း လက်တို့ချင်ပါတယ်။ “အစားကောင်းစားရင် ချစ်တဲ့သူတွေကို သတိရတယ်”တဲ့။ ကျွန်တော်တို့ အခရာဝိုင်းသူ၊ဝိုင်းသားတွေကတော့ အစားကောင်းစားရပြီဆိုတာနဲ့ အခရာပရိသတ်ကြီးကို တန်းသတိရတာပါပဲ၊ ချစ်တာကိုး :D။

 

ဆိုင်နာမည်ကတော့ Mandalay Tea Room ပါတဲ့ ခင်ဗျာ။ နာမည်က အစ နွေးထွေးနှစ်လိုဖွယ်ကောင်းပါတယ်။ နေရာကတော့ ရန်ငြိမ်းလမ်းသွယ် ၂ လမ်းထဲမှာပါ။ ရန်ကင်းကလေးဆေးရုံရှေ့၊ ကံဘဲ့လမ်းပေါ်ကနေ ရန်ငြိမ်းလမ်းသွယ် ၂ ထဲ ချိုးလိုက်ရုံပါဘဲ။ ဆိုင်ကလည်း လမ်းထိပ်နားလေးမှာပါ။ တစ်ခုရှိတာက ကားပါကင် နည်းနည်းခက်ပါတယ်။

 

ဆိုင်ထဲရောက်တော့ ဆိုင်အပြင်အဆင်က ကျွန်တော်တို့ ထင်သလို ချွေးသံတလုံးလုံးနဲ့ စားရတဲ့ နေရာမျိုး မဟုတ်ဘဲ Coffee ဆိုင်အေးအေးဆေးဆေးလေးပုံစံမျိုးပါ။ ဒါပေမယ့် မှောင်ကုပ်ကုပ်မဟုတ်ဘဲ မှန်ချပ်တွေနဲ့ အပြင်အလင်းရောင်ဝင်ပြီး လင်းလင်းချင်းချင်းဖြစ်အောင် စီစဉ်ထားပါတယ်။ အဲကွန်းခန်းဖြစ်ပြီးတော့ Decoration တွေကလည်း ချစ်စရာကောင်းပါတယ်။ အခန်းက ကျဉ်းပြီး စားပွဲဝိုင်း ၈ ဝိုင်းလောက်သာ ဆန့်ပေမယ့် သန့်သန့်ရှင်းရှင်းရှိပါတယ်။ ဒီတော့ လက်တို့ချင်တာက Foodie ကောင်မလေးတွေဆိုရင် မုန့်လာစားရုံတင်မဟုတ်ဘဲ ဓာတ်ပုံရိုက်ပြီး Facebook တို့၊ Instagram တို့ တင်လို့ ကောင်းတဲ့ နေရာလေးဆိုတာပါပဲ။ 😀

Decoration

 

ပထမဆုံးစမှာတာက ဆိုင်ရဲ့ Today Special လို့ ပြောထားတဲ့ Mango Smoothie နဲ့ ငါးဖယ်ဖက်ထုပ်ချဉ်စပ်ပါ။ သွားတာက ၂ယောက်ဆိုတော့ ခိုတောင်မုန့်တီတစ်ပွဲနဲ့ လက်ဖက်ရည်တစ်ခွက်လည်း ထပ်မှာလိုက်ပါတယ်။ အရင်ဆုံးအမှတ်ပေးချင်တာက စားစရာတွေဟာ အချိန်သိပ်မကြာဘဲ ရောက်လာတာပါ။ ပျမ်းမျှ ၇မိနစ်လောက်ပဲ ကြာပါတယ်။ ကျွန်တော်တို့ သွားခဲ့တဲ့ အချိန်က ကြားရက် မနက်ပိုင်းဆိုတော့ လူရှင်းလို့လည်း ဖြစ်နိုင်ပါတယ်။ ဆိုင်က သိရတာတော့ စနေ၊တနင်္ဂနွေ မနက်ပိုင်းဆိုရင်တော့ လူကျတတ်လို့ စောင့်ရတတ်ပါတယ်တဲ့။

ငါးဖယ်ဖက်ထုပ်

 

ငါးဖယ်ဖက်ထုပ်ချဉ်စပ်ကို စားကြည့်တဲ့အခါ Today Special ဆိုပေမယ့် အရသာကတော့ အရမ်းကြီးကောင်းတယ်မဟုတ်ဘဲ ပုံမှန်ပါဘဲခင်ဗျာ။ ချဉ်စပ်ဆိုတော့ အစပ်အရသာဘက်ကဲထားပါတယ်။ မန္တလေးအထာလို့ပဲ ပြောလို့ ရမလား မသိပါဘူး၊ ဆီများပါတယ်။ ဆီများတာ မကြိုက်တဲ့ သူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ Mango Smoothie ကတော့ စိန်တစ်လုံးသရက်သီးကို ဖျော်ထားတာ ဖြစ်တဲ့ အတွက် အေးအေးနှစ်နှစ်လေးနဲ့ တကယ့်ကို သောက်လို့ ကောင်းပြီး အအီပြေလေးပါ။

ခိုတောင်မုန့်တီကတော့ ပဲသီး၊ပဲပင်ပေါက်၊နံနံပင်၊ပဲကြော် ပြီးတော့ အချဉ်အစပ်အရသာလေးနဲ့ တစ်ခါတည်း နယ်ပြီးသားဆိုတော့ စားလို့ တော်တော်လေး အဆင်ပြေတယ်ခင်ဗျ။ သူနဲ့ လိုက်ဖက်တဲ့ သရက်ချဉ်၊ ကြက်သွန်နီအကွင်းလိုက်နဲ့ တွဲဖက်စားရတာဆိုတော့ မန္တလေးကို ရောက်သွားသလိုပါပဲ။ ဟင်းချိုလည်း မိုက်တယ်ဗျ၊ ငါး၊ ပိတ်စွယ်ဟင်းရည်ထဲမှာ ငါးခေါင်းတစ်ခေါင်းပါတော့ ဟင်းရည်လေးသောက်ရင်း ငါးခေါင်းလေးစား၊ ငါးခေါင်းကြိုက်တဲ့ သူတွေကတော့ ရှယ်ပဲပေါ့ဗျာ။လက်ဖက်ရည်လည်း ကောင်းပါတယ်၊ မလိုင်ဖတ်လေးတွေ ပါတယ်။

 

 

အရသာလေးတွေက မဆိုးတော့ သူတို့ဆိုင်ကို Recommend ပေးပေးနေကြတဲ့ အထမ်းမြီးရှည်တစ်ပွဲ ဝက်သားနဲ့ ဆက်မှာလိုက်ပါတယ် 😛 ။ ပြီးတော့ ဘယ်နေရာရောက်ရောက် သောက်ဖြစ်တဲ့ မေမြို့ကော်ဖီလေးပါ တဘရိတ်တည်း မှာထားလိုက်ပါတယ်။

အထမ်းမြီးရှည်ကတော့ မထင်မှတ်ထားဘဲ အတော်ကောင်းတယ်ဗျာ၊ အဆာပလာအစုံပါတယ်။ သူ့ Menu ထဲမှာ ပြောထားတဲ့ အတိုင်း (အသား၊အမြီး၊နားရွက်၊ကလီစာနဲ့) ရပါတယ်။ ဒညင်းသီးပါ ထည့်ထားတယ်လို့ ပြောထားပေမယ့် စားကြည့်တဲ့ အခါတော့ ဒညင်းသီးမပါပါဘူး။ အရသာ အပေါ့အငန် အနေတော်နဲ့ စီးစီးပိုင်ပိုင်နဲ့ အတော်စားကောင်းတာပါ။ ဟင်းရည်ကလည်း ဝက်ဒူးရိုးစွပ်ပြုတ်ပါ၊ မိုက်ပါတယ်။  နောက်တစ်ခုက တန်တာပါ၊ ဈေးက ၃၀၀၀ ကျပ်ဆိုပေမယ့် အသားတွေလည်း အများကြီးနဲ့ ခေါက်ဆွဲ တခြားအဆာပလာတွေလည်း အများကြီးဆိုတော့ ဈေးနဲ့ဆို စွန်းတန်ပါတယ်။ အခရာရဲ့ Recommend ဆိုရင်တော့ အဲဒီဆိုင်ရောက်ရင် အထမ်းမြီးရှည်ကို စားကို စားကြည့်ဖို့ပါပဲ။

myee shay

may myo coffee

 

မေမြို့ကော်ဖီကတော့ ပုံမှန်ကောင်းရုံလောက်ပါပဲ။ ဒီဆိုင်မှာ တခြားထူးခြားတဲ့ အရာကတော့ ငါးခူမုန့်ဟင်းခါးဖြစ်ပြီး မုန့်ဟင်းခါးထဲ ထည့်မယ့် အကြော်ကို စားခါနီးမှ တစ်ပွဲဆို တစ်ပွဲစာကြော်ပေးတာလို့ သိရပါတယ်။ မုန့်ဟင်းခါးအရသာလည်း ကောင်းတယ်လို့ လာစားသူတွေဆီက သိရပြီး အစားအစာတွေရဲ့ ကုန်ကြမ်းတွေကိုလည်း မန္တလေးကနေ မှာယူတယ်လို့ ပြောပါတယ်။

 

တခြားရတဲ့ အစားအစာတွေကတော့ မန္တလေးမုန့်တီ၊  ရှမ်းခေါက်ဆွဲ၊ အမဲလုံးခေါက်ဆွဲ၊ လားရှိုးဝက်သားချဉ်နဲ့ မြန်မာထမင်းကြော်ကို ငါးရံ့ခြောက်မီးဖုတ်၊ ဆတ်သားခြောက်မီးဖုတ်လေးနဲ့ တွဲမှာလို့ ရပါသေးတယ်။ အဆာပြေ ထန်းသီးမုန့်လည်း ရတယ်ဗျ၊ Menu ကိုလည်း အခရာ ပရိသတ်ကြီးအတွက် အပြည့်အစုံတင်ပေးထားပါတယ်။

 

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၆နာရီကနေ ညနေ ၄နာရီအထိ ဖြစ်ပြီး လူကျတဲ့ နေ့တွေဆိုရင် အထမ်းမြီးရှည်လို ဆိုင်ရဲ့ Favourite တွေဟာ ၉နာရီလောက်ဆို ကုန်သွားတတ်လို့ အပေါ်မှာ ပြောထားခဲ့သလိုပဲ အေးဆေးစားချင်တယ်ဆိုရင်တော့ ကြားရက်သွားတာ ပိုကောင်းပါတယ်။ နောက်ဆုံးအနေနဲ့ Overall Rating ပေးရမယ်ဆိုရင်တော့

 

Mandalay Team Room

================
Taste ****
Price ***
Service ****
Hygiene *****
Place ***

 

ရိုးလူ (အခရာ)

www.akhayar.com