ဒီတစ်ပတ်ရဲ့စီးရီးအေပွဲစဉ်(၃၁)မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အေစီမီလန်အသင်းကို အိမ်ကွင်းမှာ ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ် ၂ – ၁ အေစီမီလန်

ဂျူဗင်တပ်စ်မှာ စီရော်နယ်လ်ဒို မပါတာကလွဲရင် နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ ပွဲထွက်ခဲ့ကြတာပါ။ ပထမပိုင်းမှာတော့ အေစီမီလန်အသင်းဟာ ပုံစံကောင်းကို ပြနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် တချို့လည်းရရှိခဲ့ပါတယ်။ ပွဲချိန်(၃၉)မိနစ်မှာတော့ အေစီမီလန်အသင်း ဦးဆောင်ဂိုးစရခဲ့ပြီး ဂျူဗင်တပ်စ်ကစားသမားတွေရဲ့ အမှားကနေ ရရှိလာခဲ့တဲ့ အခွင့်အရေးကို ပီယာတက် Piatek က အကောင်းဆုံး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ မန်ဇူကစ် Mandzukic ရဲ့ နောက်ပြန်ကန်ချက်နဲ့ ဂျူဗင်တပ်စ်ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အေစီမီလန်ဂိုးသမား ရေနာ Reina ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပီယာတက် ရဲ့ အဝေးကန်ချက်တစ်ကြိမ်ကို ဂိုးသမား ဆက်ဇနီ Szczesny ကာကွယ်နိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ် သက်သာခဲ့ရပါတယ်။ ပွဲရဲ့ အလှည့်အပြောင်းကတော့ မိနစ်(၆၀)မှာ စတင်ခဲ့တာဖြစ်ပြီး ဒါကတော့ ဂျူဗင်တပ်စ်အသင်း ပယ်နယ်တီရရှိခဲ့တာပါ။ ဒီဘားလား Dybala ကို အေစီမီလန်ကစားသမားတွေ တားဆီးပုံကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်က ပယ်နယ်တီပေးခဲ့တာဖြစ်ပြီး ဒီပယ်နယ်တီကို ဒီဘားလား ကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့ပါတယ်။

တစ်ဖက်တစ်ဂိုးစီဖြစ်သွားတဲ့ အချိန်မှာတော့ ပွဲဟာ စိတ်ဝင်စားစရာပိုကောင်းလာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ နိုင်ပွဲကို ပုံဖော်ပေးခဲ့သူကတော့ အခုနောက်ပိုင်းမှာ ခြေစွမ်းကောင်းတွေဆက်တိုက်ပြနေတဲ့ လူငယ်တိုက်စစ်မှူး မွိုက်ဆီကင်း Moise Kean ပဲဖြစ်ပါတယ်။ ဒီပွဲမှာတော့ မွိုက်ဆီကင်း ဟာ ဒီဘားလားအစား လူစားဝင်ကစားခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန်(၈၄)မိနစ်မှာ ယာနစ် Pjanic ခင်းပေးလိုက်တဲ့ ဘောလုံးကို မွိုက်ဆီကင်း ကအပိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com