ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)မှာတော့ ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချယ်လ်ဆီး ၂ – ၀ ၀က်စ်ဟမ်း

နှစ်သင်းလုံးကတော့ လက်ရှိအကောင်းဆုံးပုံစံရနေတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့ကြပြီး ချယ်လ်ဆီးအသင်းကတော့ ထုံးစံအတိုင်း ၀က်စ်ဟမ်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ နိုင်ပွဲအတွက် အဓိကကျခဲ့သူကတော့ ဟာဇက် Hazard ပဲဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၀က်စ်ဟမ်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့ခက်ခဲနေပြီး ဒီအနေအထားကို ဟာဇက် က ပွဲချိန်(၂၄)မှာ သွင်းဂိုးနဲ့အဆုံးသတ်ပေးခဲ့ပါတယ်။ ဒီသွင်းဂိုးကတော့ ဟာဇက် ရဲ့ တစ်ကိုယ်တော်စွမ်းရည်ကြောင့် ရရှိခဲ့တာဖြစ်ပြီး ၀က်စ်ဟမ်းကစားသမား (၄)ယောက်လောက်ကို ကျော်ဖြတ်ပြီးသွင်းယူခဲ့တာပါ။ ပထမပိုင်းမှာတော့ ချယ်လ်ဆီးအသင်းဟာ နောက်ထပ်ဂိုးရနိုင်မယ့် အခွင့်အရေးတချို့ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း ချယ်လ်ဆီးအသင်းကပဲ အသာစီးနဲ့ကစားနိုင်ခဲ့ပေမယ့် နှစ်သင်းလုံးဟာ အခွင့်အရေးကိုယ်စီရရှိခဲ့ပြီး ၀က်စ်ဟမ်းအသင်းရဲ့ အပိုင်ကန်ချက်တစ်ကြိမ်ကိုလည်း ချယ်လ်ဆီးဂိုးသမား ကီပါ Kepa လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ ပွဲချိန်မိနစ်(၉၀)မှာ ဟာဇက် က သွင်းယူခဲ့တာပါ။ ဒီနိုင်ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲဖြစ်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၃)နေရာကို တက်လှမ်းလာနိုင်ခဲ့သလို ရာသီကုန်ခါနီးမှ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပုံစံကောင်းရလာတာကတော့ စိတ်ကျေနပ်စရာပါပဲ။

Photo: Chelsea Twitter , Premier League Twitter
Ko Kyue(Akhayar)
www.akhayar.com