ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ All English Final လန်ဒန်ဒါဘီ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်ကို ( ၄ – ၁ )နဲ့ အနိုင်ရရှိခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

ချယ်လ်ဆီး ၄ – ၁ အာဆင်နယ်

(၂)သင်းလုံးကတော့ ဒီပွဲမှာ လက်ရှိအကောင်းဆုံးလူစာရင်းတွေနဲ့ ပွဲထွက်ခဲ့ကြပြီး ချယ်လ်ဆီးဘက်မှာ ဒဏ်ရာကြောင့် ဒီပွဲကိုလွဲမယ်လို့ သတင်းထွက်ခဲ့တဲ့ ကွန်တေ Kante ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ အာဆင်နယ်က ချယ်လ်ဆီးထက် ကစားပုံပိုသာခဲ့ပြီး ချယ်လ်ဆီးအသင်းကတော့ တန်ပြန်တိုက်စစ်တွေကိုသာ အဓိကထားကစားခဲ့ပါတယ်။(၂)သင်းလုံးတိုက်စစ်ဆင်တဲ့ အချိန်တွေကတော့ မြန်မြန်ဆန်ဆန်နဲ့ ရင်ခုန်စရာကောင်းခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ကောင်းမွန်တဲ့ အဝေးဘောပေးပို့မှုတွေပြုလုပ်နိုင်ခဲ့သလို တောင်ပံကနေလည်း ထိုးဖောက်တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးခံစစ်ကို ဖိအားပေးခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ အီမာဆင် Emerson ၊ ဟာဇက် Hazard တို့ရဲ့ဘယ်ခြမ်းတိုက်စစ်ကနေ အာဆင်နယ်ကိုထိုးဖောက်ခဲ့ပြီး အီမာဆင် ၊ ဂျရူး Giroud တို့ရဲ့ကန်ချက်တွေကို အာဆင်နယ်ဂိုးသမားပီတာချက် Cech ကာကွယ်နိုင်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ပထမပိုင်းမှာတော့ ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ပီလီကွယ်တာ Azpilicueta နဲ့ အာဆင်နယ်ဂိုးသမား ပီတာချက်တို့ကို ချီးကျူးရမှာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေကို ကိုယ်စီပြသနိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းပွဲချိန်(၄၉)မိနစ်မှာတော့ ချယ်လ်ဆီးအသင်း ဦးဆောင်ဂိုးစရခဲ့ပြီး အီမာဆင် အနိမ့်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ဂျရူး ကခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဂျရူး ဟာ အသင်းဟောင်း အာဆင်နယ်အသင်းကို ဒုက္ခပြန်ပေးနိုင်ခဲ့တာဖြစ်သလို ဒီဂိုးကလည်းသူ့ရဲ့ ဒီရာသီယူရိုပါလိဂ်(၁၁)ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ပွဲချိန်မိနစ်(၆၀)မှာတော့ ချယ်လ်ဆီးအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ဘယ်ခြမ်းကနေ ဟာဇက် ခင်းပေးလိုက်တဲ့ ဘောလုံးကို ပတ်ဒရို Pedro က အလိုက်သင့်ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ (၂)ဂိုးဆက်ပေးလိုက်ရတာကြောင့် အာဆင်နယ်အသင်း စိတ်ဓာတ်ပိုင်းထိခိုက်ခဲ့ပြီး ကစားပုံပါကျဆင်းခဲ့သလို လူငယ်နောက်ခံလူ မစ်လန်းနိုင်းစ် Maitland-Niles ရဲ့ဂျရူး ကို ပါးနပ်မှုမရှိတဲ့ တားဆီးပုံကြောင့် ပယ်နယ်တီပါထပ်ပေးခဲ့ရပါတယ်။ ဒီပယ်နယ်တီကိုတော့ ပွဲချိန်မိနစ်(၆၅)မှာ ဟာဇက် က အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး ချယ်လ်ဆီးအသင်းတတိယဂိုးရရှိခဲ့ပါတယ်။

(၃)ဂိုးပြတ်ရှုံးနိမ့်နေခဲ့တာကြောင့် အာဆင်နယ်နည်းပြအမ်မရီ Emery ဟာ အပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး ပွဲချိန်(၆၉)မိနစ်မှာတော့ လူစားဝင်ကစားသမား အီဝိုဘီ Iwobi က ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ အာဆင်နယ်အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။ ( ၃ – ၁ )ဖြစ်သွားတာကြောင့် ပွဲကစိတ်ဝင်စားဖို့ကောင်းလာခဲ့ပေမယ့် ပွဲချိန်(၇၂)မိနစ်မှာတော့ ချယ်လ်ဆီးအသင်းက စတုတ္ထဂိုးထပ်ရပြီး ဟာဇက် နဲ့ ဂျရူး တို့ရဲ့နားလည်မှုရှိတဲ့ အတွဲအဖက်ကနေ ဟာဇက် ကသွင်းယူခဲ့တာပါ။ နောက်ပိုင်းမိနစ်တွေမှာတော့ ချယ်လ်ဆီးအသင်းဟာ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေထပ်ရခဲ့ပေမယ့် ပီတာချက် ကာကွယ်နိုင်ခဲ့သလို ကစားသမားတွေရဲ့လွဲချော်မှုတွေကြောင့်လည်း နောက်ထပ်ဂိုးတွေထပ်မရခဲ့တာပါ။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်ကို ( ၄ – ၁ )နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဒီယူရိုပါလိဂ်ချန်ပီယံဆုဟာ ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ယူရိုပါလိဂ်ချန်ပီယံဆုဖြစ်ပြီး နည်းပြဆာရီ Sarri အတွက်တော့ သူရဲ့နည်းပြဘ၀ ပထမဆုံးအကြိမ် အဓိကဆုဖလားအောင်မြင်မှုဖြစ်ခဲ့ပါတယ်။

Photo: Chelsea Twitter , Europa League Twitter , The Bules
Ko Kyue(Akhayar)
www.akhayar.com