ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်(၃၀)မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ကာဂလီယာရီကို အဝေးကွင်းမှာ ( ၀ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကာဂလီယာရီ ၀ – ၂ ဂျူဗင်တပ်စ်

အိမ်ကွင်းခြေစွမ်းကောင်းတဲ့ အသင်းတွေနဲ့ ကစားရင် ရုန်းကန်ရတယ်ဆိုတဲ့ အစဉ်အလာဆိုးကနေ ဒီပွဲမှာတော့ ဂျူဗင်တပ်စ်အသင်းက ဖောက်ထွက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ပိုင်းကို လက်ရှိမှာခြေစွမ်းကောင်းတွေပြနေတဲ့ လူငယ်တိုက်စစ်မှူး မွိုက်ဆီကင်း Moise Kean က ဦးဆောင်လာခဲ့တာပါ။ ပွဲအစပိုင်းမှာပဲ ဂျူဗင်တပ်စ်အသင်းဟာ ကာဂလီယာရီအသင်းဘက်ကို ထိုးဖောက်မှုတွေပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန်(၂၂)မိနစ်မှာတော့ ဘိုနူချီ Bonucci က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့ပါတယ်။ ဂိုးရပြီးနောက်မှာလည်း ဂျူဗင်တပ်စ်အသင်း ဂိုးထပ်ရဖို့ အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် လွဲချော်မှုတွေရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဂျူဗင်တပ်စ်အသင်းဟာ ပုံစံကောင်းကို ဆက်ပြနိုင်ခဲ့ပြီး လူငယ်တိုက်စစ်မှူး မွိုက်ဆီကင်း ကိုလည်း ကာဂလီယာရီခံစစ်ပိုင်းက ထိန်းချုပ်ရခက်ခဲခဲ့ပါတယ်။ ပွဲချိန်(၈၅)မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ကွင်းလယ်က ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘင်တကူ Bentancur က ဂိုးရှေ့ကို ချိုးပေးခဲ့ပြီး ဒီဘောလုံးကို မွိုက်ဆီကင်း ကပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ့ ပွဲကို အကောင်းဆုံးကစားသွားပြီး နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့သလို လူငယ်တိုက်စစ်မှူး မွိုက်ဆီကင်းကလည်း ခြေစွမ်းတွေဆက်တိုက်ပြနေတာကြောင့် စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ရမှတ်(၈၁)မှတ်နဲ့ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Photo: Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com