ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ်(၃၁)မှာတော့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ အက်သလက်တီကိုအသင်းကို ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာ ၂ – ၀ အက်သလက်တီကို

ဒီပွဲမှာတော့ နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး ကြည့်လို့ကောင်းတဲ့ ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဘာစီလိုနာအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် တကယ်ချီးကျူးရမှာကတော့ အက်သလက်တီကိုဂိုးသမား အိုဘလက် Oblak ပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အပိုင်ကန်ချက်တွေကို အိုဘလက် လက်စွမ်းပြကာကွယ်နေတာကြောင့် ဘာစီလိုနာအသင်း ဂိုးစောစောမရခဲ့တာပါ။ ပွဲရဲ့ အလှည့်အပြောင်းကတော့ ပွဲချိန်(၂၈)မိနစ်မှာ ဒီယေဂိုကော်စတာ Diego Costa အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီယေဂိုကော်စတာ ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် သူ့အနေနဲ့ သူ့ရဲ့ အပြုအမူတွေကိုတော့ ဆင်ခြင်သွားဖို့လိုအပ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာအသင်းဟာ အပိုင်ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် အက်သလက်တီကိုဂိုးသမား အိုဘလက် ကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အိုဘလက် ရဲ့ လက်စွမ်းကောင်းတွေကြောင့် သရေရလဒ်နဲ့ ပွဲပြီးဆုံးတော့မယ်လို့ ထင်နေချိန်မှာပဲ ဘာစီလိုနာအသင်း ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပွဲချိန်(၈၅)မိနစ်မှာ ဆွာရက်ဇ် Suarez က ပညာသားပါပြီး ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးရပြီးနောက်ထပ် တစ်မိနစ်အကြာ ပွဲချိန်(၈၆)မိနစ်မှာတော့ ဘာစီလိုနာအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး မက်ဆီ Messi ကသွင်းယူခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် ဘာစီလိုနာနဲ့ အက်သလက်တီကို တို့ဟာ ရမှတ်(၁၁)မှတ်ထိ ကွာဟသွားခဲ့ပြီဖြစ်တာကြောင့် လာလီဂါပြိုင်ပွဲကတော့ ပြီးဆုံးခဲ့ပြီလို့ ယူဆရပါလိမ့်မယ်။

Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com