မနေ့ည က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်အတွက် Play Offs Final ပွဲစဉ်မှာတော့ ဗီလာအသင်းဟာ ဒါဘီကို ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့ပါတယ်။

ဗီလာ ၂ – ၁ ဒါဘီ

ဒီပွဲမှာ အနိုင်ရတဲ့အသင်းဟာ ပရီးမီးယားလိဂ်ကိုတက်ရောက်ခွင့်ရမှာကြောင့် (၂)သင်းလုံးက အကောင်းဆုံးကြိုးစားကစားခဲ့ကြပြီး ပွဲကမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။ ဗီလာအသင်းရဲ့ တိုက်စစ်ဆင်မှုတွေက ပိုမိုထိရောက်ခဲ့ပြီး Grealish နဲ့ အေဘရာဟမ် Abraham တို့က အသင်းကို ဦးဆောင်ကစားခဲ့ကြတာပါ။ ပထမပိုင်းပြီးခါနီး ပွဲချိန်(၄၄)မိနစ်မှာတော့ ဗီလာအသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး El Ghazi က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၅၉)မိနစ်မှာတော့ McGinn က ဗီလာအသင်းအတွက် ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ဒီဂိုးကတော့ ဒါဘီဂိုးသမား Roos နဲ့ နောက်ခံလူတွေရဲ့နားလည်မှုအလွဲကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။

ဗီလာအသင်းက ( ၂ – ၀ )နဲ့ ဦးဆောင်သွားချိန်မှာတော့ ပွဲက ရှေ့ပိုင်းမိနစ်တွေထက် ပွဲမြိုင်သွားခဲ့ပြီး ဗီလာအသင်းကတော့ ဒါဘီဘက်ကို ဖိအားပေးမှုတွေ ဆက်လက်လုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာတော့ ဒါဘီအသင်းတိုက်စစ်က အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးကံခေနေခဲ့ပါတယ်။ ပွဲချိန်(၈၁)မိနစ်မှာတော့ ဒါဘီအသင်း ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပြီး လူစားဝင်ကစားသမား Waghorn က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဗီလာအသင်းက ( ၂ – ၁)နဲ့ အနိုင်ရရှိခဲ့တာကြောင့် (၃)နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့ပြီး ဒါဘီအသင်းနဲ့ နည်းပြလမ်းပတ် Lampard တို့အတွက်တော့ စိတ်မကောင်းစရာဖြစ်ခဲ့ရပါတယ်။

Photo: Villa Twitter
Ko Kyue(Akhayar)
www.akhayar.com