ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)မှာတော့  အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ နယူးကာဆယ်အသင်းကို ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ် ၂ – ၀ နယူးကာဆယ်

အာဆင်နယ်အသင်းကတော့ အမှားအယွင်းမရှိ နိုင်ပွဲတစ်ပွဲကို ရယူခဲ့တာပါ။ ပွဲအစကတည်းက အာဆင်နယ်အသင်းက နယူးကာဆယ်ဘက်ကို ဖိအားပေးထိုးဖောက်နိုင်ခဲ့ပြီး အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်မိနစ်(၃၀)မှာတော့ အာဆင်နယ်အသင်း ဦးဆောင်ဂိုးစရခဲ့ပြီး နယူးကာဆယ်ခံစစ်ရဲ့ တာဆီးပုံမသေသပ်မှုကနေ ရလာတဲ့အခွင့်အရေးကို ရမ်ဆေး Ramsey ကကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ နှစ်သင်းလုံးဟာ အခွင့်အရေးတချို့ရရှိခဲ့ကြပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ကြပါဘူး။

ဒုတိယပိုင်းဟာ ပထမပိုင်းကထက် ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပေမယ့် နှစ်သင်းလုံးက အပျက်များနေခဲ့ကြပါတယ်။ ပွဲချိန်(၆၁)မိနစ်မှာ အူဘာမီယန်း Aubameyang လူစားဝင်ကစားခဲ့ပြီး သူဝင်လာတဲ့နောက်ပိုင်းမှာတော့ အာဆင်နယ်တိုက်စစ်ဟာ ကစားပုံတက်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ ပွဲချိန်မိနစ်(၈၀)မှာ လာကာဇက် Lacazette နဲ့ အူဘာမီယန်း တို့ရဲ့အတွဲအဖက်ကနေ လာကာဇက် က ဂိုးသမားကို ကျော်ပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့်(၃)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo: Arsenal Twitter
Ko Kyue(Akhayar)
www.akhayar.com