မိုးရာသီကို ကြိုက်ပါတယ်။ မိုးရာသီမှာမွေးတဲ့သူမို့ မိုးရွာတာကို ကြိုက်တာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ မိုးရာသီတွေထဲမှာ ဇူလိုင်လက မိုးအရွာဆုံးလတစ်လလို့ ထင်မိပါတယ်။ ဘာလိုလိုနဲ့ ဇူလိုင်လတောင် ဒုတိယအပတ်ရောက်သွားခဲ့ပါပြီ။ ဒီအပတ်မှာရှိတဲ့ တချို့နေ့တွေက လူကို သတိရခြင်းတွေ ဖြစ်စေတယ်။

၂၀၀၁ ဇူလိုင် ၁၀

ဇူလိုင် ၁၀ ရက်နေ့ရောက်တိုင်း ကြေးမုံသတင်းစာရဲ့ နာရေးစာမျက်နှာမှာ ဝမ်းနည်းကြေကွဲခြင်းကြော်ငြာတစ်ခုက ပုံမှန်ပါလာတတ်တယ်။ ကြော်ငြာအောက်မှာပါတဲ့ နာမည်တွေကတော့ နီနီနဲ့ ညိုညိုဆိုတဲ့ ကောင်မလေး နှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ ကိုကိုဖြစ်တဲ့ ကိုလွှမ်းမိုးကို လွမ်းဆွတ်တမ်းတကြောင်း ဖော်ပြထားတာပါ။

သူတို့ပြောတဲ့ ကိုလွှမ်းမိုးဆိုတာ အားလုံးသိကြတဲ့ လွှမ်းမိုးပါပဲ။ နီနီ၊ ညိုညိုပဲ လွမ်းတာမဟုတ်ဘူးလို့ ထင်ပါတယ်။ မာလာဆောင်ရှေ့မှာ ကားတိုက်ပြီးဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် တုန်လှုပ်သွားကြမယ့် သူ့ပရိသတ်တွေရယ် ခုခေတ်မှာ သီချင်းအဟောင်းတွေပဲ နားထောင်ရတာ ကြိုက်ပါတယ်ဆိုတဲ့သူတွေပါ ပါမှာပါ။

ငယ်ငယ်က အတန်းထဲမှာ ခုံခေါက်ရင်း သီချင်းဆိုလို့ ဆရာမအရိုက်ခံထိဖူးတဲ့ စိုးစိုးဆိုတဲ့ကောင်လေးဟာ အဆိုကောင်း၊ အတီးကောင်းပြီး ဘယ်တော့မှ မရိုးသွားနိုင်မယ့် သီချင်းတွေကို ဖန်တီးသွားခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

လွှမ်းမိုးဖန်တီးခဲ့တဲ့ အနုပညာတွေထဲမှာ အကြိုက်ရဆုံးဖြစ်တဲ့ သီချင်းတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ သီချင်းနာမည်ကတော့ ဟာသဖြစ်ပြီး မိုးစက်တင်လေ တိတ်ခွေထဲမှာ ပါခဲ့တာပါ။

၂၀၀၇ ဇူလိုင် ၁၁

ကိုသားကြီးလို့ ချစ်စနိုး ခေါ်ကြတဲ့ ဒွေးကိုတော့ ကလေးလူကြီးအကုန် သိမှာပါ။ မြို့ကြီးပြကြီးတွေက လူတွေပဲမဟုတ် နယ်စွန်နယ်ဖျားအထိပါ ချစ်ခင်ကြတဲ့ ဒွေးကတော့ ခုချိန်မှာမရှိတော့ပေမယ့် နာမည်နဲ့ အနုပညာကတော့ ရှင်သန်နေဆဲပါ။

ကျောင်း Assembly ဆင်းနေရင်း တိုးတိုးလေးပြောနေကြတဲ့ သူငယ်ချင်းတွေရဲ့ စကားက မယုံနိုင်စရာပါပဲ။ ဒွေးဆုံးသွားပြီတဲ့။ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ပါလာတဲ့ သတင်းတွေအရသာ အတည်ဖြစ်လိုက်ရပါတော့တယ်။

ကြော်ငြာခေတ်လည်း ကြော်ငြာခေတ်အလျှောက်၊ အသက်ပါတဲ့ မျက်လုံးတွေနဲ့ သရုပ်ဆောင်တတ်တဲ့ ဒွေးဟာ သီချင်းဆိုရာမှာလည်း ပိုင်နိုင်သူတစ်ယောက်ဆိုတာ အားလုံးအသိဖြစ်မှာပါ။

ရုတ်တရက်ဆန်လွန်းတဲ့ခွဲခွာမှုတွေနဲ့ ထားရစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ကို ကိုယ့်အတွေးတွေနဲ့ကိုယ်၊ ကိုယ့်အတိတ်ကိုယ်စီနဲ့ ကိုယ့်အကြိုက်ကိုယ်စီနဲ့ သတိရသူတွေ ရှိနေပါတယ်။  အခုမှမဟုတ်ပါဘူး။ နောင်လည်း ရှိနေဦးမယ်လို့လည်း ထင်ပါတယ်။

Photo Credit

Reference: facebook

NSC (Akhayar)

www.akhayar.com