ဂရိဒဏ္ဍာရီဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေတော်တော်များများတော့ မဒူဆာနဲ့မစိမ်းဘူးလို့ထင်ပါတယ်။ မဒူဆာနဲ့ပတ်သက်ပြီးမသိသေးတဲ့သူတွေကို သူ့အကြောင်းအကျဉ်းပြောရရင် မဒူဆာကဂရိဒဏ္ဍာရီထဲက မြွေဆံပင်နဲ့ဦးခေါင်းကိုပိုင်ဆိုင်ပြီး သူ့ကိုကြည့်လိုက်တဲ့ယောက်ျားတိုင်း ကျောက်ရုပ်အဖြစ်ကို ပြောင်းသွားနိုင်တဲ့မျက်လုံးအစုံကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာလို့ယူဆခံထားရတဲ့သူဖြစ်တယ်။ မဒူဆာကိုရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မကောင်းဆိုးဝါးမကြီးအနေနဲ့ ပုံဖော်ကြတယ်။ သူရဲကောင်းတွေက မဒူဆာရဲ့ဦးခေါင်းကိုရဖို့ နည်းအမျိုးမျိုးနဲ့ကြိုးစားကြတယ်။ မဒူဆာနဲ့ပတ်သက်ပြီးပြောကြတဲ့ ပါးစပ်ရာဇဝင်အများကြီးရှိတယ်။ ဒီထဲမှာမှ တိကျပြီးမှန်ကန်တဲ့ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်။ ဒီနှစ်ခုကို ပရိသတ်ကြီးသိအောင် ကျွန်မက နားလည်သလောက်ရှင်းပြပေးသွားမှာပါ။


ပထမတစ်ခုအနေနဲ့ပြောရရင် မဒူဆာ (Medusa) က Phorcys နဲ့ Ceto ဆိုတဲ့ရှေးခေတ်ပင်လယ်နတ်ဘုရားတွေကနေမွေးတဲ့ Gorgons ဆိုတဲ့မကောင်းဆိုးဝါးညီအစ်မ သုံးယောက်ထဲက တစ်ယောက်ဖြစ်တယ် လို့ Hesiod ရေးခဲ့တဲ့ Theogony ဆိုတဲ့ကဗျာထဲမှာ ဖော်ပြထားတယ်။ ဒီကဗျာက ၇ဝဝ ဘီစီလောက်ကရေးခဲ့တဲ့ကဗျာဖြစ်ပြီး ဂရိနတ်ဘုရားတွေဖြစ်ပေါ်လာပုံနဲ့မွေးဖွားတဲ့ဗီဇဇစ်မြစ်တို့ကို ရှေးခေတ်ဂရိဘာသာစကားနဲ့ရေးထားတယ်။ Gorgons ညီအစ်မတွေက Euryale ၊ Sthenno နဲ့ Medusa တို့ဖြစ်တယ်။ သူ့အစ်မနှစ်ယောက်က မသေမျိုးဖြစ်ပေမယ့် မဒူဆာကတော့ သေမျိုးဖြစ်တယ်။ ဒါပေမယ့် Medusa က မွေးကတည်းက မြွေဆံပင်နဲ့ခေါင်း ၊ အတောင်ပံတစ်စုံ ၊ ချွန်ထက်တဲ့သွားနဲ့လက်သည်းတွေအပြင် ကြည့်လိုက်တာနဲ့ကျောက်ရုပ်ဖြစ်သွားစေတဲ့မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့သူဖြစ်တာကြောင့် အဲဒီခေတ်ကသူရဲကောင်းတွေက သူ့ရဲ့ခေါင်းကိုဆုလာဒ်အနေနဲ့လိုချင်ကြတယ်။ မဒူဆာရဲ့ခေါင်းကိုနောက်ဆုံးရသွားတဲ့သူက Perseus (ပါစီးယပ်စ်) ဖြစ်တယ်။

ပါစီးယပ်စ်က Zeus (ဇုစ်) နဲ့ Danae တို့ရဲ့သားဖြစ်တယ်။ Danae ရဲ့အဖေ အာဂို့စ်ရဲ့ဘုရင်ကြီးက သူ့မြေးကသူ့ကိုသတ်မယ်လို့နိမိတ်ရှိတာကြောင့် သမီးနဲ့ကလေးကိုသစ်သားသတ္တာထဲထည့်ပြီး မြစ်ထဲမျှောလိုက်တယ်။ ဒီသားအမိနှစ်ယောက်က Seriphos ကျွန်းက Dictys ကယ်လို့အသက်ရှင်ခဲ့ရတယ်။ ဒါပေမယ့် ပါစီးယပ်စ်ကြီးလာတော့ Dictys ရဲ့အစ်ကိုဖြစ်တဲ့ ဘုရင် Polydectes က ပါစီးယပ်စ်အမေကိုလိုချင်တာကြောင့် ပါစီးယပ်စ်ကိုလှည့်ဖျားပြီး မဒူဆာရဲ့ခေါင်းကိုဆက်သဖို့ အမိန့်ပေးနိုင်ခဲ့တယ်။ ဒါနဲ့ပဲ ပါစီးယပ်စ်က သူ့အမေအတွက် မဒူဆာခေါင်းဖြတ်ဖို့ခရီးထွက်ခဲ့တယ်။ မဒူဆာက Gorgon တွေထဲမှာ မြွေဆံပင်ပါတဲ့တစ်ယောက်တည်းသော မကောင်းဆိုးဝါးဖြစ်တာက ဥာဏ်ပညာနဲ့စစ်နတ်ဘုရားမ (Athena) အသီနာက ကျိန်ခဲ့လို့ဖြစ်တယ်လို့ Ovid မှာဖော်ပြတယ်။ ပါစီးယပ်စ်က မဒူဆာရဲ့ခေါင်းကို အသီနာပေးတဲ့ ဒိုင်းက ရောင်ပြန်နဲ့ကြည့်ပြီး မဒူဆာအိပ်နေတုန်းဖြတ်ခဲ့တယ်လို့ ဒီဒဏ္ဍာရီကပြောတယ်။ မဒူဆာခေါင်းကိုဖြတ်လိုက်ချိန်မှာထွက်လာတဲ့သွေးတွေကနေ Pegasus နဲ့ Chrysaor ဆိုတဲ့ကလေးနှစ်ယောက်မွေးခဲ့တယ်။ Pegasus ကတော့အဖြူရောင်မြင်းပျံဖြစ်ပြီး Chrysaor ကတော့ရွှေရောင်စစ်သားဖြစ်တယ်လို့ပြောကြတယ်။

မဒူဆာကိုသတ်လို့သူ့အစ်မနှစ်ယောက်က လက်စားချေဖို့ ပါစီးယပ်စ်ကိုရှာပေမယ့် ဟေဒီးက ကိုယ်ပျောက်နိုင်စွမ်းကိုပေးထားတာကြောင့် ရှာမတွေ့ခဲ့ဘူး။ နောက်ပိုင်းမှာ မဒူဆာရဲ့ခေါင်းကို ပါစီးယပ်စ်က အသီနာကိုပေးခဲ့ပြီး အသီနာက သူ့ရဲ့ဒိုင်းနဲ့ရင်ကာကို မဒူဆာရဲ့ခေါင်းနဲ့တန်ဆာဆင်ခဲ့ပါတယ်တဲ့။


ဒုတိယအပြောများတဲ့ဒဏ္ဍာရီကတော့ မဒူဆာက အသီနာရဲ့နတ်ဆရာမဖြစ်ချင်တာကြောင့် ငယ်ငယ်တည်းက လေ့ကျင့်ခဲ့တယ်။ တစ်နေ့မှာ အသီနာရဲ့ရုပ်တုရှိတဲ့ အေသင်မြို့က Parthenon Temple မှာ မဒူဆာကို အသီနာပြိုင်ဖက်ဖြစ်တဲ့ ရေနတ်ဘုရား Poseidon (ပဆိုက်ဒွန်) က တွေ့သွားခဲ့တယ်။ နတ်ဘုရားမ အသီနာကိုသရော်ချင်တာကြောင့် ပဆိုက်ဒွန်က မဒူဆာကို Parthenon လှေကားရင်းမှာပဲ သားမယားပြုကျင့်ခဲ့တယ်။ ဒါပေမယ့် အသီနာရဲ့နတ်ဘုရားမဖြစ်ဖို့ဆိုရင် လေ့ကျင့်နေတဲ့မိန်းကလေးက တစ်သက်လုံးအပျိုစင်ဖြစ်ရမှာဖြစ်တယ်။ ပဆိုက်ဒုန်ရဲ့ယုတ်မာမှုကြောင့် မဒူဆာက အသီနာကို တောင်းပန်ပြီး လမ်းပြဖို့ပြောနေခဲ့ရတယ်။ အသီနာက ပဆိုက်ဒွန်နဲ့သူနဲ့ကြားက ရန်ငြိုးကြောင့်ပဲ မဒူဆာမှာ ဘာအပြစ်မှမရှိတာကို အပျိုစင်မဟုတ်တော့တဲ့အတွက် ရုပ်ဆိုးလွန်းတဲ့ မြွေဆံပင်နဲ့မိစ္ဆာဖြစ်သွားအောင် ကျိန်စာတိုက်ခဲ့တယ်။

ဒါ့အပြင်မဒူဆာကို ဘယ်သူမှမနေတဲ့ကျွန်းကိုနယ်နှင်ဒဏ်ပေးလိုက်တယ်။ မဒူဆာက သူ့ဘဝမှာ နတ်ဘုရားမအသီနာကို ကာကွယ်ချင်ရုံကလွဲပြီး ဘာမှမလိုလားခဲ့ပေမယ့် အခုတော့ ဂရိနတ်ဘုရားတွေရဲ့လျစ်လျူရှုတာကိုခံရတယ်၊ သစ္စာဖောက်တာကိုခံရတယ်။ ဒါကိုလက်စားချေတဲ့အနေနဲ့ သူ့ကိုလာရှာသမျှယောက်ျားတိုင်းကို ကျောက်ရုပ်အဖြစ်ပြောင်းပစ်တယ်။ ဒါပေမယ့်နောက်ဆုံးမှာ ပါးစီးယပ်စ်ရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်။ သူ့နဲ့ပဆိုက်ဒွန်ကရတဲ့ကလေးနှစ်ယောက်ကတော့ သူ့သွေးကနေမွေးဖွားခဲ့ပြီး သူကတော့အသီနာကိုတစ်သက်လုံးကာကွယ်ခွင့်ရခဲ့ပါတယ်။ အသီနာရဲ့ဒိုင်းနဲ့ရင်ကာမှာ သူ့ခေါင်းကိုတန်ဆာဆင်ပြီး အသီနာကတိုက်ပွဲတွေအများကြီးအနိုင်ရခဲ့တယ်။

ဒီတော့ ဒီဒဏ္ဍာရီနှစ်ခုမှာတူညီတာတစ်ခုက မဒူဆာက ပဆိုက်ဒွန်သတ်တာခံခဲ့ရပြီး ကလေးနှစ်ယောက်ရခဲ့တယ်ဆိုတာပါ။ ဒါပေမယ့် ဒုတိယတစ်ခုကတော့ မဒူဆာရဲ့ဘဝက သနားဖို့ကောင်းပြီး ဂရိနတ်ဘုရားတွေရဲ့ ရက်စက်မှုကို ပုံဖော်သွားတဲ့ဒဏ္ဍာရီလေးပါ။ အမှန်မှာသူက မတရားအသတ်ခံရတာပဲလေ။ သူ့ရဲ့ဆံပင်တွေက သူရွေးချယ်ခဲ့တဲ့အရာမှမဟုတ်တာ။ ဒီတော့ မဒူဆာကို မကောင်းဆိုးဝါးတစ်ကောင်အနေနဲ့ပဲမမြင်စေချင်လို့ ဒီအကြောင်းအရာလေးကို ရေးခဲ့တယ်လို့ပြောရင်း နိဂုံးချုပ်ပါတယ်။

Piki (Akhayar)

www.akhayar.com

Ref:https://www.ancient.eu

https://greekgodsandgoddesses.ne