ဒီနှစ်ဘောလုံးရာသီမှာတော့ ရီးယဲလ်အသင်းဟာ အဓိကဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာဖို့ရှိနေပါတယ်။ အကြောင်းရင်းကတော့ ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့လို့ပဲဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ အဲဒီပွဲစဉ်ကို အိမ်ကွင်းမှာ ကစားခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကို ( ၀ – ၃ )နဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ( ၁ – ၄ ) ဖြစ်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပါတယ်။ ဒီပွဲမှာ ရီးယဲလ်အသင်းဟာ ဘာစီလိုနာအသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘန်ဇီမာ Benzema ၊ ဗီနီစီယက်စ် Vinicius တို့ရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေက ပွဲရဲ့အဖြေဖြစ်ခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာတော့ ကွားတားဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းနေပေမယ့် လက်ရှိအသင်းရဲ့ ခြေစွမ်းအရ ဒီနှစ်ဘောလုံးရာသီမှာ အဓိကဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာဖို့ရှိနေပါတယ်။ ရီးယဲလ်အသင်းဟာ နောက်ဆုံး(၃)ရာသီဆက် အဓိကဆုဖလား အောင်မြင်မှုရရှိခဲ့တဲ့ အသင်းဖြစ်သလို နောက်ဆုံး(၅)ရာသီမှာလည်း အဓိကဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာခဲ့တဲ့ ရာသီက (၁)ရာသီသာ ရှိတာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ ဒီလိုအနေအထားမျိုးနဲ့ ရီးယဲလ်အသင်း ထပ်ပြီးကြုံတွေ့ရဖို့ရှိနေတာပါ။ ရီးယဲလ်အသင်းဟာ ဇီဒန်း Zidane နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ကို လက်လွှတ်ခဲ့ရသလို ရာသီအစနည်းပြ လိုပယ်တက်ဂီ Lopetegui လက်ထက် အသင်းရဲ့ မတည်ငြိမ်ဖြစ်မှုတွေကြောင့် အခုလို အဓိကဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာဖို့ရှိနေခဲ့တာပဲဖြစ်ပါတယ်။

ရီးယဲလ်အသင်းရဲ့ ရာသီလိုက်ရရှိခဲ့တဲ့ ဆုဖလားအောင်မြင်မှုများ ကြည့်ရန်လင်ခ့်

Photo: The 4th Official , Managing Madrid
Ko Kyue(Akhayar)
www.akhayar.com