ရီးယဲလ်အစုအဖွဲ့ကို ဂျူဗင်တပ်စ်မှာမြင်တွေ့ရနိုင်မလားဆိုတာ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေတဲ့ အနေအထားတစ်ရပ်ပါ။ အားလုံးသိတဲ့အတိုင်း ရီးယဲလ်အသင်းရဲ့ ဂန္ထ၀င်တိုက်စစ်ကစားသမားဖြစ်ခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ကတော့ ဂျူဗင်တပ်စ်အသင်းကို လက်ရှိမှာအကောင်းဆုံးဦးဆောင်နေသလို ခြေစွမ်းတွေပြနေပြီး စံချိန်မှတ်တမ်းတွေကိုလည်း တစ်ခုပြီးတစ်ခုချိုးဖျက်နေပါတယ်။ အခုဖြစ်ပျက်နေတဲ့ အနေအထားအရ စီရော်နယ်လ်ဒို ရဲ့ နောက်ကိုလိုက်ပါလာဖို့ရှိနေတဲ့ ရီးယဲလ်အစုအဖွဲ့ရှိနေပါတယ်။ သူတို့ကတော့ မာဆယ်လို Marcelo ၊ အစ္စကို Isco နဲ့ နည်းပြဇီဒန်း Zidane တို့ပဲဖြစ်ပြီး စီရော်နယ်လ်ဒိုနဲ့ ရီးယဲလ်အသင်းမှာ အတွဲညီခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

မာဆယ်လိုနဲ့ အစ္စကိုတို့ရဲ့ လက်ရှိအနေအထားကတော့ အားလုံးသိတဲ့အတိုင်း အခြေအနေသိပ်မကောင်းပါဘူး။ ထိပ်တန်းကစားသမားတွေဖြစ်ကြပေမယ့် ရီးယဲလ်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေပါတယ်။ ဒါဟာ သူတို့လိုကစားသမားတွေအတွက် လက်သင့်ခံနိုင်စရာ အနေအထားမျိုးမဟုတ်ဘဲ ရာသီကုန်မှာတော့ ရီးယဲလ်အသင်းကနေ ထွက်ခွာဖို့များနေကြပါတယ်။ ဒီ(၂)ယောက်ထဲမှာတော့ အစ္စကိုထက် မာဆယ်လို ဟာ ဂျူဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့လာဖို့ရာခိုင်နှုန်းများနေပါတယ်။

နောက်တစ်ဦးဖြစ်တဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း ကတော့ ကစားသမားဘ၀ရဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြရာထူးကို စိတ်ဝင်စားနေသူပါ။ ဒီဘက်ခေတ်ဘောလုံးလောကမှာ ဇီဒန်းလို ထိပ်တန်းနည်းပြကို မလိုချင်တဲ့ အသင်းဆိုတာကလည်း မရှိသလောက်ပါပဲ။ ဒီအခြေအနေမှာ နည်းပြထိုင်ခုံအတွက် မျက်ခုံးလှုပ်နေရတာကတော့ လက်ရှိနည်းပြ အယ်လီဂရီ Allegri ပါ။ အယ်လီဂရီ ရဲ့ ဂျူဗင်တပ်စ်အသင်းဟာ နိမ့်ကျမှုတွေရှိနေတဲ့ ပြည်တွင်းမှာသာ ကြီးစိုးနိုင်သာဖြစ်ပြီး ဥရောပပွဲတွေမှာ လိုအပ်ချက်တွေများနေသေးတာ ပြီးခဲ့တဲ့အက်သလက်တီကိုနဲ့ပွဲက သက်သေပါပဲ။ နောက်ထပ်တစ်ချက်ဖြစ်တဲ့ ဒီရာသီအဝေးကွင်းခြေစွမ်းအားနည်းတာကိုလည်း အယ်လီဂရီ အခုထိမပြင်နိုင်သေးသလို သေချာပေါက်ရဖို့ရှိနေတဲ့ ဆုဖလားအဖြစ်လည်း စီးရီးအေချန်ပီယံဆုသာရှိနေပါတော့တယ်။ ဒီအနေအထားဟာ ဂျူဗင်တပ်စ်တာဝန်ရှိသူတွေအတွက်တော့ ကျေနပ်စရာဖြစ်မယ်လို့ မထင်ပါဘူး။ တာဝန်ရှိသူတွေအနေနဲ့လည်း အသင်းကိုနောက်ထပ်တစ်ဆင့် ထပ်မြှင့်ဖို့ ဆန္ဒရှိနေမှာက သေချာသလောက်ဖြစ်တာကြောင့် ဥရောပအတွေ့အကြုံကောင်း ရီးယဲလ်အစုအဖွဲ့ကို လာမယ့်ရာသီ ဂျူဗင်တပ်စ်မှာမြင်တွေ့ရတော့မလားဆိုတာ စောင့်ကြည့်သွားရမှာပါပဲ။

Photo: Scooper , SportsJOE.ie , Big World News , FOX Sports Asia
Ko Kyue(Akhayar)
www.akhayar.com