လာလီဂါထိပ်သီး ရီးယဲလ်အသင်းဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် Bruno Fernandes ကို Dead Line Day မှာ ပေါင်(၆၄)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကို ပရီးမီးယားလိဂ် နာမည်ကျော်အသင်းတွေဖြစ်တဲ့ မန်ယူ၊ စပါးအသင်းတို့က ပစ်မှတ်ထားခဲ့ပေမယ့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘဲ အခု ရီးယဲလ်အသင်းဆီ ရောက်ဖို့နီးစပ်နေတာပါ။ စပါးအသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ဖို့ သဘောတူညီမှုရရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမရတာကြောင့် ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ လာလီဂါပြိုင်ပွဲရဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်က ဒီနေ့(တနင်္လာ)မှာ ပိတ်သိမ်းမှာဖြစ်တာကြောင့် ဈေးကွက်မပိတ်ခင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရီးယဲလ်အသင်းက ကြိုးစားနေပါပြီ။

ရီးယဲလ်အသင်းနည်းပြ ဇီဒန်း Zinedine Zidane ဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်အတွက် ပေါ့ဘာ Paul Pogba ၊ အဲရစ်ဆင် Christian Eriksen ၊ ဗန်ဒီဘိ Donny van de Beek တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် တစ်ယောက်မှ မခေါ်နိုင်ခဲ့တာကြောင့် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ဖို့ အသည်းအသန်ကြိုးပမ်းနေတာဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် (၃၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၈)ကြိမ်ပြုလုပ်ခဲ့သလို ဒီရာသီအစမှာလည်း (၅)ပွဲကစားပြီးချိန်မှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၄)ကြိမ်ပြုလုပ်ထားပါတယ်။ ဇီဒန်းက အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားသစ် (၂)ဦးလောက် ခေါ်ယူသွားမယ်လို့ ပရိသတ်တွေကို ကတိပေးထားတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်အပြင် နောက်ထပ် ဘယ်ကစားသမား ရီးယဲလ်အသင်းဆီရောက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ . .

REF:Daily Mail
Photo:Bruno Fernandes Facebook
Naing Linn(Akhayar)
www.akhayar.com