လာလီဂါထိပ်သီး ရီးယဲလ်အသင်းဟာ ဒီရာသီ လာလီဂါမှာ ပယ်နယ်တီရရှိမှု အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့အတွက် သူတို့ကို ဒိုင်လူကြီးတွေက မျက်နှာသာပေးနေတာလားဆိုတဲ့ မေးခွန်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗန်တေးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရီးယဲလ်အသင်းရခဲ့တဲ့ (၂)ဂိုးစလုံးက ပယ်နယ်တီကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ပထမရခဲ့တဲ့ ပယ်နယ်တီက မိုဒရစ် Luka Modric ရဲ့ ဖြတ်တင်ဘောက ပြိုင်ဘက်ကစားသမား Enis Bardhi လက်မောင်းနဲ့ထိခဲ့လို့ ပယ်နယ်တီပေးခဲ့ရတာဖြစ်ပြီး ဒုတိယပယ်နယ်တီကတော့ အငြင်းပွားစရာဖြစ်ခဲ့တယ်။

ရီးယဲလ်ကွင်းလယ်လူ ကတ်စ်မဲရိုး Casemiro ကို Doukoure ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပေမယ့် Doukoure က ရည်ရွယ်ချက်မရှိဘဲ ဘောလုံးဖြတ်ထုတ်ဖို့ ကြိုးစားခဲ့တာဖြစ်တာကြောင့် (၅၀-၅၀)အနေအထားလို့ ပြောရမှာပါ။ ဒါပေမဲ့ ရီးယဲလ်အသင်းနောက်ခံလူ ကာဗာဟာလ် Dani Carvajal က “ပယ်နယ်တီဖြစ်ရပ်နဲ့ ကျွန်တော် (၂၅)ကိုက်အကွာမှာ ရှိနေတာပါ။ Doukoure ကန်လိုက်တဲ့အသံကို ကောင်းကောင်းကြားလိုက်ပါတယ်။ ကျွန်တော်က ဒိုင်လူကြီး မဟုတ်လို့ ဆုံးဖြတ်ချက်ချလို့ ရတဲ့သူ မဟုတ်ပါဘူး။ ဒါဟာ ပယ်နယ်တီဆိုရင် ပယ်နယ်တီပါပဲ။ ဒိုင်လူကြီးဖြစ်ရတာကလည်း မလွယ်ကူပါဘူး”လို့ ပြောကြားခဲ့တယ်။ အခုဆိုရင် ဒီရာသီလာလီဂါမှာ ရီးယဲလ်အသင်း ပယ်နယ်တီရရှိခဲ့တာက (၈)ကြိမ်အထိ ရှိခဲ့ပြီး ပယ်နယ်တီရရှိမှု အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေပါပြီ။ သူတို့နောက်မှာတော့ အီဘာ၊ ဘာစီလိုနာတို့က (၇)ကြိမ်နဲ့ ရပ်တည်နေပြီး တတိယနေရာမှာ ဆိုစီဒက်က (၆)ကြိမ်နဲ့ ရပ်တည်နေပါတယ်။ ရီးယဲလ်အသင်းဟာ ပြိုင်ပွဲစုံမှာ ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ပယ်နယ်တီ(၂)လုံးနဲ့ အနိုင်ရခဲ့တာက ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။

REF:Sport
Photo:Real Madrid Twitter,Stadium Astro
Naing Linn(Akhayar)
www.akhayar.com