ဥရောပဘောလုံးလောကရဲ့ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ထိပ်သီးအသင်းတွေဟာ ကစားသမားသစ်တွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပြီး ရာသီသစ်မှာ အောင်မြင်မှု ပန်းတိုင်ဆီရောက်ဖို့ မျှော်လင့်ချက်အသီးသီးနဲ့ ချီတက်နေကြပါပြီ။ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတဲ့ အပြောင်းအရွှေ့တွေထဲက တချို့တ၀က်ဖြစ်ပေါ်ခဲ့ပေမယ့် ကြီးကြီးမားမား လှုပ်ခတ်ခဲ့ကြတဲ့ နေမာ Neymar ၊ ပေါ့ဘာ Paul Pogba တို့ရဲ့ အပြောင်းအရွှေ့ကတော့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ လာလီဂါကလပ်အသင်းတွေရဲ့ ဒီနှစ်နွေရာသီအသုံးစရိတ်က ယူရို(၁.၃)ဘီလီဘီယံအထိရှိခဲ့ပြီး ဒါဟာ လာလီဂါပြိုင်ပွဲသမိုင်းမှာ နွေရာသီအပြောင်းအရွှေ့အတွင်း စံချိန်တင်အသုံးစရိတ်ဖြစ်ခဲ့ပါတယ်။

တကယ်လို့ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့သာ နေမာ၊ ပေါ့ဘာတို့ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လာလီဂါပြိုင်ပွဲရဲ့ အသုံးစရိတ်က ဒီပမာဏထက် ပိုများသွာဖို့ ရှိနေပါတယ်။ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ဟာ နေမာ၊ ပေါ့ဘာတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်ပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကစားသမားနှစ်ဦးဟာ သက်ဆိုင်ရာအသင်းတွေမှာပဲ ဆက်ရှိနေဆဲပါပဲ။ ဒီကစားသမားနှစ်ဦးက အသင်းပြောင်းဖို့ အသင့်ဖြစ်နေသလို ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ကလည်း အသည်းအသန်စိတ်ဝင်စားခဲ့ပေမယ့် ဘာလို့များ အပြောင်းအရွှေ့ကဖြစ်မလာတာလဲ . . အဲဒါနဲ့ပတ်သက်တဲ့ အကြောင်းရင်းကို စပိန်နာမည်ကျော် AS သတင်းစာက ဖွင့်ချလိုက်ပြီး အဓိကအချက်ကတော့ ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ပေါ့ဘာနဲ့ နေမာကို ခေါ်ယူဖို့ အမှန်တကယ်ကြိုးပမ်းခဲ့ကြတာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ရီးယဲလ်အသင်းဆိုရင် ပေါ့ဘာကို ခေါ်မယ် တကဲကဲဖြစ်နေပေမယ့် တကယ်တမ်းမှာတော့ သူ့အတွက် ကမ်းလှမ်းမှုတောင် မလုပ်ခဲ့ပါဘူး။ မန်ယူအသင်းကလည်း ပေါ့ဘာကို ခေါ်ခဲ့တုန်းက သုံးခဲ့ရတဲ့ ပေါင်(၈၉)သန်းလောက် ပြန်ရမယ်ဆိုရင် လက်လွှတ်မယ်လို့ အတိအလင်းထုတ်ပြန်ခဲ့သလို၊ ကစားသမားကိုယ်တိုင်ကလည်း ရီးယဲလ်ကို ပြောင်းချင်တယ်လို့ ပေါ်ပေါ်တင်တင်ပြောထားပေမယ့် ရီးယဲလ်အသင်းကတော့ ဟိုလိုလို ဒီလိုလိုနဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းကလည်း ရီးယဲလ်နဲ့ သိပ်မကွာပါဘူး။ နေမာကို ပြောင်းရွှေ့ကြေးအပါအ၀င် ကစားသမား(၃)ဦး အလိုက်ပေးကမ်းလှမ်းမယ်လို့ အပြောင်းအရွှေ့နောက်ဆုံးနေ့(တနင်္လာ)အထိ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ နေမာဟာ PSG အသင်းမှာပဲ ဆက်ရှိနေခဲ့တယ်။ နေမာကို မခေါ်ဖြစ်တာက ဘာစီလိုနာအတွက် မထောင်းသာလှပေမယ့် ဘာစီလိုနာကို ပြောင်းချင်လွန်းလို့ စကားတွေကျွံထားတဲ့ နေမာအတွက်တော့ PSG ပရိသတ်တွေရဲ့ အမျက်ဒေါသ၊ အသင်းဖော်တွေရဲ့ အထင်သေးမှုနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ နေမာ၊ ပေါ့ဘာတို့ကို ခေါ်မယ်လို့ အသံတွေလွှင့်ခဲ့တဲ့အကြောင်းရင်းကတော့ မက်ဆီ Lionel Messi ၊ ဇီဒန်း Zidane တို့ကို စိတ်ကျေနပ်မှု ရအောင်လုပ်ခဲ့တာလို့ AS သတင်းစာက ခန့်မှန်းခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မက်ဆီဟာ နေမာကို ခေါ်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့သလို၊ ဇီဒန်းကလည်း ပေါ့ဘာကို အသည်းအသန်လိုချင်နေတာကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့ဘာရော၊ နေမာပါ ကိုယ့်ရဲ့အသင်းတွေမှာ မတည်မငြိမ်ဖြစ်ခဲ့တာကြောင့် ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ လုပ်ရပ်ကတော့ ဝေဖန်ချင်စရာလို့ပဲ ပြောရတော့မှာပါ . . .

REF:AS,Daily Mail
Photo:Neymar Jr Facebook,Paul Labile Pogba Facebook
Naing Linn(Akhayar)
www.akhayar.com