ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀ုလ်ဗ်(၁-၁)မန်ယူပွဲမှာတော့ ကွင်းလယ်လူ ပေါ့ဘာ Pogba ရဲ့ ပယ်နယ်တီလွဲချော်မှုက ပြောစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ပေါ့ဘာ ရဲ့ ပယ်နယ်တီသာ ၀င်ခဲ့မယ်ဆိုရင် မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မှာဖြစ်တာကြောင့် အနိုင်ရလဒ်က အရေးပါနေပေမယ့် ပေါ့ဘာ က ကြီးမားတဲ့ အခွင့်အရေးကို ဖြုန်းတီးခဲ့တယ်လို့ ဝေဖန်အပြစ်တင်နေကြတာပါ။ ပေါ့ဘာ ကို ဝေဖန်အပြစ်တင်သူတွေထဲမှာ အသင်းရဲ့ ဂန္ထ၀င်ကစားသမားဟောင်း ဂယ်ရီနဗီးလ် Gary Neville လည်းပါဝင်ခဲ့သလို အသင်းရဲ့နည်းပြဆိုးလ်ရှား Solskjaer ကတော့ ပေါ့ဘာ နဲ့ ရက်ရှ်ဖို့ဒ် Rashford တို့က အသင်းရဲ့ပယ်နယ်တီတာဝန်ကို မျှဝေယူထားကြတာဖြစ်တယ်လို့ ၀ုလ်ဗ်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ပယ်နယ်တီ အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကလည်း ပေါ့ဘာ ပယ်နယ်တီလွဲခဲ့တဲ့ အနေအထားကို ပွဲအပြီးမှာ အခုလို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် က ” ပေါ့ဘာ က ပယ်နယ်တီ ကန်ချင်နေပါတယ်။ ဒါက ရိုးရိုးလေးပါပဲ။ ဘယ်သူမဆို ပယ်နယ်တီကို လွဲချော်နိုင်ပါတယ်။ သူက ပယ်နယ်တီဂိုးတွေ အများကြီးသွင်းယူထားသူပါ။ ဒီတစ်ကြိမ်လွဲတာက ပုံမှန်အနေအထားပါပဲ။ ကျွန်တော်တို့ အခုဒါကိုမေ့လိုက်ကြပါပြီ။ ဒါရိုးရှင်းပါတယ်။ မင်းက ပယ်နယ်တီကန်ချင်ရင် ကန်လိုက်ပါ။ ကျွန်တော်ကတော့ ပြီးခဲ့တဲ့ တစ်ပတ်ကကန်ခဲ့ပါတယ်။ ကျွန်တော့် အတွက် သူပယ်နယ်တီယူကန်တာက ပြဿနာမဟုတ်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီပယ်နယ်တီကို လွဲချော်ခဲ့တာကြောင့် ပေါ့ဘာ ဟာ ဆိုရှယ်မီဒီယာကနေ လူမျိုးရေးခွဲခြားမှုနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ခံနေရပြီး Pogba you f****** n*****.” ၊ “Pogba is a dirty n*****.” ၊ “kill that b****** f****** gorilla.”ဆိုတဲ့ စာသားတွေနဲ့ ခြိမ်းခြောက်ရေးသားခဲ့ကြတာဖြစ်ပါတယ်။

Ref: Mirror , Metro , Daily Mail , The Sun
Photo: Telegraph , Sky Sports
Ko Kyue(Akhayar)
www.akhayar.com