မန်ယူကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် Marcus Rashford နဲ့ လင်ဂတ် Jesse Lingard တို့ဟာ သူတို့ရဲ့ Instagram မှာ Post တစ်ခုကို အတူတူတင်ခဲ့ပြီး အဲဒီအတွက် ပရိသတ်တွေက ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်နေကြပါပြီ။ ရပ်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ဟာ သူတို့ရဲ့ Instagram မှာ (၀.၀၁၂ %)ဆိုတဲ့ စာသားကို ရေးသားဖော်ပြခဲ့တာဖြစ်ပြီး ဆိုလိုချင်တာက ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်ရနေတဲ့ လူငယ်ကစားသမား အရေအတွက်က (၀.၀၁၂%)သာရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဘဏ္ဍာရေးနဲ့ စီးပွားရေးသတင်းတွေကို ဖော်ပြပေးနေတဲ့ နာမည်ကြီး Business Insider ၀က်ဘ်ဆိုက်က အင်္ဂလန်မှာ လူငယ်ကစားသမားအရေအတွက် (၁.၅)သန်းအထိရှိပေမယ့် ထိပ်တန်းအဆင့်ပြိုင်ပွဲမှာ ကစားနေရတာက (၁၈၀)လောက်သာရှိပြီး အကယ်ဒမီကစားသမားတွေဆိုရင်တော့ အခွင့်အရေးမရှိသလောက်ပဲလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ရပ်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့က သူတို့ဟာ အသင်းကြီးမှာ ပွဲထွက်ခွင့်မရတဲ့ လူငယ်တွေထဲမှာ ပါဝင်တယ်ဆိုတဲ့သဘောနဲ့ (၀.၀၁၂ %)လို့ Post တင်ခဲ့တာဖြစ်နိုင်ပြီး အဲဒီအတွက် လူမှုကွန်ရက်မှာ ပရိသတ်တွေက သူတို့ကို ဝေဖန်လှောင်ပြောင်နေကြတာဖြစ်ပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ လင်ဂတ်ဟာ ၂၀၁၄-၁၅ ရာသီမှာ မန်ယူစီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး နောက်ရာသီမှာပဲ ရပ်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းကြီးအတွက် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူတို့နှစ်ဦးဟာ မန်ယူအသင်းမှာ ပုံမှန်လိုလို ကစားခွင့်ရခဲ့တာကြောင့် ပရိသတ်တွေက ဒေါသပေါက်ကွဲခဲ့တာဖြစ်ပြီး တစ်ဦးက “ရပ်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ဟာ ပရော်ဖက်ရှင်ဘောလုံးသမားဘ၀ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တာကြောင့် ဆရာကွက်တွေ လုပ်နေကြတာပါ။ သူတို့ကို လူငယ်လေးတွေ လေးစားလာအောင် လုပ်ပြတာပါပဲ”လို့ ရေးသားခဲ့သလို နောက်တစ်ဦးက “ဒီခြေစွမ်းအတိုင်းသာ ဆက်သွား အသက်(၃၀)လောက်ဆိုရင် မင်းတို့နှစ်ကောင် League 2 မှာ ကစားရလိမ့်မယ်”လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ နောက်ထပ် လူမှုကွန်ရက်အသုံးပြုသူတွေကတော့ “ဘာမှမဟုတ်ဘူး၊ ရပ်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့က သူတို့ ဂိုးကန်ခွင့်နဲ့ သွင်းဂိုးအချိုးကို ဖော်ပြထားတာ၊ ဖရီးကစ်ကနေ ရပ်ရှ်ဖို့ သွင်းယူခဲ့တဲ့ဂိုးအရေအတွက်ပါ”လို့ အကြီးအကျယ်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ မန်ယူဂန္ထ၀င်နဲ့ ဘိုင်ယန်မြူးနစ်ဂန္ထ၀င်တို့ ကစားခဲ့တဲ့ ရန်ပုံငွေပွဲမတိုင်ခင် ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ဆိုးလ်ရှား Ole Gunnar Solskjaer သွင်းယူခဲ့တဲ့ ဂိုးပုံစံအတိုင်း ပြန်လည် သရုပ်ဖော်ခဲ့တာကြောင့်လည်း လှောင်ပြောင်ခံခဲ့ရပါသေးတယ်။

REF:The Sun
Photo:Extra,The Sun
Naing Linn(Akhayar)
www.akhayar.com