စပိန်အသင်းခေါင်းဆောင် ရာမို့စ် Sergio Ramos ဟာ အသင်းဂန္ထ၀င်ဂိုးသမား ကာဆီးလက် Iker Casillas တင်ရှိထားတဲ့ နိုင်ငံအသင်းအတွက် ပွဲအများဆုံးကစားသမားစံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မနက်အစောပိုင်းက ဖာရိုးကျွန်းစုများအသင်းကို (၄)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲဟာ ရာမို့စ်ရဲ့ စပိန်ကစားသမားဘ၀တစ်လျှောက် (၁၆၇)ပွဲမြောက်ဖြစ်ခဲ့ပြီး ကာဆီးလက်စ်နဲ့ ပွဲအရေအတွက်ချင်း တူညီခဲ့တာဖြစ်ပါတယ်။ ၂၀၀၅၊ မတ်လ(၂၆)ရက်တုန်းက တရုတ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ စပိန်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့သူ ရာမို့စ်ဟာ အဲဒီအချိန်မှာ သူ့အသက်က (၁၈)နှစ်၊ (၃၆၁)ရက်သာရှိသေးလို့ စပိန်အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ဖူးသူဖြစ်ပါတယ်။

အခုအချိန်မှာ အသက်(၃၃)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရာမို့စ်ဟာ လက်ရွေးစင်ကစားသမားဘ၀ (၁၅)နှစ်တာကာလအတွင်း ကမ္ဘာ့ဖလား၊ ယူရို စတဲ့ အဓိကဆုဖလားတွေ ရယူခဲ့ပြီးပါပြီ။ ကာဆီးလက်စ်ရဲ့ ပွဲအရေအတွက်ကို အမီလိုက်နိုင်ခဲ့တဲ့အတွက် ရာမို့စ်က “စံချိန်မှတ်တမ်းတွေဆိုတာက တစ်ချိန်ကျရင် ကျိုးပျက်သွားတာပါပဲ။ အခုလက်ရှိ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်၊ စိတ်ဓာတ်ပြင်းထန်မှု၊ ရည်မှန်းချက်တွေဟာ လာမယ့်ပွဲတွေမှာလည်း အမြဲဆက်ရှိနေဦးမှာဖြစ်ပြီး နိုင်ငံအသင်းအတွက် ပွဲ(၂၀၀)ပြည့်ဖို့က ကျွန်တော့်ရဲ့ ပစ်မှတ်ဖြစ်ပါတယ်။ အဲဒါက ခက်ခဲမယ်ဆိုတာတော့ အသေအချာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ စပိန်အသင်းရဲ့ ပွဲအများဆုံးကစားသမားစာရင်း ထိပ်ဆုံးနေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်တဲ့ ရာမို့စ်ကို ကာဆီးလက်စ်က ချီးကျူးခဲ့ပြီး သူ့ရဲ့ Twitter မှာ “(၁၆၇)ပွဲပြည့်ခဲ့လို့ ၀မ်းသာပါတယ်။ နောက်ထပ်လည်း ပွဲတွေ အများကြီး ဆက်ကစားနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ စပိန်အသင်းမှာ မင်းနဲ့ အတူတွဲကစားခဲ့ရတဲ့ အချိန်တွေက တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

REF:sportskeeda
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com