တာမွေအဝိုင်းထိပ်က ညနေတိုင်းလူစည်တဲ့ ရခိုင်မုန့်တီဆိုင်လေး

ညနေ ညချမ်း အလုပ်အပြန် ရာသီဥတုပူပူနဲ့ အီတဲ့အစားစာတွေ၊ ထမင်းတွေမစားချင်တဲ့အချိန်တိုင်း အခရာက ခြေဦးလှည့်ဖြစ်တာက ချဉ်ချဉ်စပ်စပ်ရတဲ့ ရခိုင်မုန့်တီဆိုင်လေးတွေပါပဲ။

ဒီဆိုင်လေးကတော့ တာမွေအဝိုင်းထိပ်မှာလည်း နာမည်ကြီးတယ်။ ဈေးလည်းသက်သာတယ်။ ညနေရုံးပြန်ချိန်တွေဆိုလည်း အဆာပြေ ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ မုန့်တီသုပ်လေး၊ ပင်လယ်စာသုပ်လေးစားရတယ်ဆိုတော့ ကိုယ်တွေလို ချဉ်ချဉ်စပ်စပ်ကြိုက်တဲ့တာမွေတဝိုက်ကလူတွေအတွက် သတင်းလေး ပါးပါရစေ။

ဒီဆိုင်လေး နာမည်ကိုက အဝိုင်းထိပ်ရခိုင်မုန့်ဆိုင်တဲ့။ တာမွေအဝိုင်းထိပ်မှာ ရှိတာပါ။

ဆိုင်လေးက လမ်းဘေးပေမယ့် ခုံနေရာကျယ်ကျယ်နဲ့ ဝန်ထမ်းတွေအများကြီး လာစားကြတာတွေ့တယ်။

ဘာစားကောင်းလဲဆို ရခိုင်မုန့်တီသုပ်ကို ရခိုင်လိုရော ဗမာလိုရော သုပ်တာစားကောင်းတယ်။ ရခိုင်သုပ်ဆို ငါးဖတ်တွေအပြည့်ပါတဲ့ ငရုတ်သီးအနှစ်အိုးကြီးထားပြီးသုပ်ပေးတာ အိုးကြီးမြင်ရုံနဲ့ သွားရေကျနေရော။

တော်တော်စားလို့ကောင်းတယ်။ မုန့်တီသားကတော့ ရိုးရိုးမုန့်တီဖတ်ပါပဲ။

တခြား ငါးဆီဖောင်းသုပ်၊ ပြည်ကြီးငါးသုပ်၊ ရေဘဝဲသုပ်တွေ၊ ငါးဖယ်သုပ်တွေ လည်း ၁၅၀၀၊ ၂၀၀၀ ဝန်းကျင်ပဲပေးရတယ်။

ပုစွန်ခွက်ကြော်လည်းရတယ်။ အချိုတည်းဖို့ဆို ငှက်ပျောပေါင်းတို့၊ သောက်စရာအအေးအစုံအလင်ရတယ်။ ပြောရရင် ဆိုင်ကလေးက လမ်းဘေးဆိုင်ပေမယ့် ဈေးတန်ပြီး စားရအဆင်ပြေတယ်ပြောရမယ်။

အဲ့နေ့ကတော့ ဗိုက်ဆာဆာနဲ့ ရခိုင်သုပ်တစ်ပွဲ၊ ဗမာသုပ်တစ်ပွဲကို ငါးဖယ်လေးနဲ့ စပ်စပ်လေး သုပ်စားခဲ့တယ်။ တစ်ခါတစ်လေ ပိုက်ဆံအများကြီးမဖြုန်းဘဲ ဗိုက်ဝဝလေးစားချင်ရင် ဒီလိုဆိုင်လေးတွေကလည်း အားကိုးရတယ်လေ။

တာမွေအဝိုင်းထိပ်က ရခိုင်မုန့်တီဆိုင်ဆို လူတိုင်းသိပါတယ်နော်။ ညနေ ရုံးအပြန်လေး သွားစားရင်း ဘက်ဂျက်ချွေတာနိုင်ကြပါစေ။