ပြင်သစ်လီဂူးထိပ်သီးကလပ် PSG အသင်းဟာ တနင်္ဂနွေနေ့က လိုင်လီနဲ့ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲမှာ (၅-၁)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး (၁၉)နှစ်အတွင်း ပြည်တွင်းလိဂ်မှာ အဆိုးရွားဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ PSG အသင်းဟာ ဒီပွဲနိုင်ရင် ရာသီမကုန်ခင်မှာပဲ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာဖြစ်ပေမယ့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန်အတွင်း အသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗား Thiago Silva ၊ မူနီယာ Thomas Meunier တို့ ဒဏ်ရာပြဿနာကြောင့် အစောပိုင်းကတည်းက လူစားလဲခံခဲ့ရပြီး (၃၆)မိနစ်မှာ ဘားနက် Juan Bernat တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့လည်း PSG အသင်း ခံစစ်ပိုင်း အားနည်းခဲ့ရပါတယ်။

PSG အသင်း လူငယ်တိုက်စစ်ကစားသမား ဘာပေ Kylian Mbappe ပထမပိုင်းမှာ (၂)ဂိုးသွင်းခဲ့ပေမယ့် အဲဒီဂိုးတွေကို လူကျွံအဖြစ် သတ်မှတ်ခဲ့တာကြောင့် နစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ လိုင်လီအသင်းက ဂိုးပေါက်ကန်သွင်းမှု (၁၅)အကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု (၆)ကြိမ်မှာ (၅)ဂိုးသွင်းယူနိုင်ခဲ့တာပါ။ PSG အသင်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက လိုင်ယွန်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့အပြီး အခု ဒီရာသီဒုတိယမြောက် ပြင်သစ်လီဂူးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်သလို (၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။ PSG အသင်းအနေနဲ့ ၂၀၀၀ ခုနှစ်တုန်းက ဆီဒန်အသင်းကို (၅-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် (၁၉)နှစ်အတွင်း နောက်ထပ်အရှက်ရစရာ ဂိုးပြတ်ရှုံးပွဲတစ်ပွဲနဲ့ ပြန်ရင်ဆိုင်ခဲ့ရပြီလည်းဖြစ်ပါတယ်။

REF:Talksport,Joe
Photo:Talksport,Foxsportasia
Naing Linn(Akhayar)
www.akhayar.com