ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ Reims အသင်းနဲ့ ကစားခဲ့တဲ့ ရာသီပိတ်ပွဲမှာ (၃-၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့ပေမယ့်လည်း ဂုဏ်ယူစရာကောင်းတဲ့ စံချိန်မှတ်တမ်းတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဒီရာသီ ပြင်သစ်လီဂူး ပွဲစဉ်(၃၈)ပွဲစလုံးမှာ ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့တဲ့မှတ်တမ်းပါပဲ။ PSG အသင်းဟာ ပြင်သစ်လီဂူးပြိုင်ပွဲမှာ (၁၀၅)ဂိုးအထိ သွင်းယူခဲ့ပြီး ဂိုးမရှိသရေကျတာမျိုး၊ သွင်းဂိုးမရဘဲ ရှုံးနိမ့်တာမျိုး တစ်ပွဲမှ မရှိခဲ့ပါဘူး။ PSG အသင်းဟာ Reims ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ရာသီမကုန်ခင်ကတည်းက ချန်ပီယံဖြစ်ခဲ့တာကြောင့် ဒီပွဲရလဒ်က အသင်းအပေါ် ထိခိုက်မှု မရှိခဲ့ပါဘူး။ နောက်ထပ် မှတ်တမ်းကောင်းတစ်ခုကတော့ PSG အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဘာပေ Kylian Mbappe ဟာ ဒီရာသီပြင်သစ်လီဂူးမှာ (၃၃)ဂိုးအထိ သွင်းယူခဲ့တာကြောင့် သူ့ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ဂိုး(၃၀)ကျော်သွင်းယူခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘာပေဟာ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်(ESM)ဆုအတွက် ပြိုင်ဆိုင်မှုမှာတော့ မက်ဆီ Lionel Messi ကို အရှုံးပေးခဲ့ရပါပြီ။

၂၀၁၈-၁၉ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲကတော့ အဆုံးသတ်သွားပြီဖြစ်ပြီး PSG နဲ့ လိုင်လီတို့က ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ကြပေမယ့် အဆင့်(၃)နေရာက လိုင်ယွန်အသင်းကတော့ ချန်ပီယံလိဂ်တတိယအဆင့် ခြေစစ်ပွဲကနေ စတင်ကစားရမှာဖြစ်ပါတယ်။ စိန့်အက်တီယန်နဲ့ ပြင်သစ်ဖလားချန်ပီယံ ရန်းစ် အသင်းတို့က ယူရိုပါလိဂ်အုပ်စုအဆင့် ၀င်ခွင့်ရရှိခဲ့ပြီး ပြင်သစ်လိဂ်ဖလားချန်ပီယံ စထရာဘိုးအသင်းကတော့ ယူရိုပါလိဂ်ဒုတိယအဆင့်ခြေစစ်ပွဲကနေ စတင်ကစားရမှာပါ။ တန်းမဆင်းရအောင် ရုန်းကန်ခဲ့ရတဲ့ နာမည်ကြီး မိုနာကိုအသင်းဟာ ပြင်သစ်လီဂူးမှာ ဆက်လက်ရှင်သန်နိုင်ခဲ့ပြီး ဒီယွန်း၊ ကိန်းနဲ့ ဂူအင်ဂမ့်အသင်းတို့ကတော့ လာမယ့်ရာသီကျရင် ပြင်သစ်လီဂူး-2 မှာ ကစားရမှာဖြစ်ပါတယ်။

REF:sportskeeda
Photo:ESPN,Playing for 90
Naing Linn(Akhayar)
www.akhayar.com