ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ အခုမနက်ပိုင်းက ကစားခဲ့တဲ့ တူးလူးစ်နဲ့ပွဲမှာ (၄)ဂိုးပြတ်အနိုင်ရခဲ့ပြီး ဒီရာသီ ဒုတိယမြောက်နိုင်ပွဲရရှိခဲ့ပေမယ့် တိုက်စစ်မှာ အားထားရတဲ့ ကစားသမားတွေ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ PSG အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး ကာဗာနီ Cavani ဟာ ပွဲအစ (၁၀)မိနစ်ကျော်မှာပဲ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသလို အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘာပေ Mbappe ကိုလည်း ပေါင်ဒဏ်ရာကြောင့် (၆၆)မိနစ်မှာ လူငယ်နောက်ခံလူ Arthur Zagre နဲ့ လူစားလဲခဲ့ရပါတယ်။ PSG နဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူးနေမာ Neymar အခုပွဲမှာလည်း လူစာရင်းက ချန်လှပ်ခံခဲ့ရပြီး အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် အသင်းပြောင်းဖို့ ရှိနေတာကြောင့် PSG အသင်း တိုက်စစ်မှာ ဒေါင်ဒေါင်မြည်ကစားသမား မရှိတော့ပါဘူး။

တူးလူးစ်နဲ့ပွဲမှာ PSG ကံကောင်းခဲ့တာက လူစားဝင်ကစားသမား ချုပိုမိုတင်း Choupo-Moting ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ချုပိုမိုတင်းရဲ့ ခြေစွမ်းကလည်း တစ်သမတ်တည်း မဟုတ်လို့ PSG နည်းပြတူဟယ်လ် Thomas Tuchel အတွက်တော့ တိုက်စစ်ပိုင်းပြဿနာနဲ့ ရင်ဆိုင်နေရပါပြီ။ အဲဒါကြောင့် ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဘာပေ၊ ကာဗာနီတို့ အခြေအနေဆိုးဆိုးရွားရွား မဖြစ်ဖို့ နည်းပြတူဟယ်လ်က မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

REF:The Sun
Photo:AFP,AP
Naing Linn(Akhayar)
www.akhayar.com