မနက်ဖြန်မနက်အစောပိုင်းမှာတော့ စီးရီးအေပွဲစဉ်(၂)ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် ဂျူဗင်တပ်စ် – နာပိုလီပွဲရှိနေပြီး ဘယ်အသင်းအသာရသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဂျူဗင်တပ်စ် – နာပိုလီ (တနင်္ဂနွေမနက် ၁း၁၅ နာရီ)

ပါးမားနဲ့ပွဲမှာ ကစားသွားတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ အဝေးကွင်း ခြေစွမ်းကတော့ အရင်ကလို လျော့တိလျော့ရဲပုံစံမဟုတ်တော့ဘဲ တည်ငြိမ်မှုအပြည့် နဲ့ကျစ်လစ်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ ဂိုးတစ်ဂိုးရဖို့အတွက် စီရော်နယ်လ်ဒို Cristiano Ronaldo ကိုပဲ ဦးတည်နေရတာကြောင့် ရာသီအစပိုင်းမှာ ပြဿနာမရှိသေးပေမယ့် နောက်ပိုင်းအချိန်မှာတော့ အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ ဒီအချက်အပြင် လက်ရှိအသင်းရဲ့ အရန်ခုံက လူစာရင်းဟာလည်း အကောင်းဆုံးကစားသမားတွေနဲ့ ပြည့်နေတာကြောင့် စစ်မှန်တဲ့ ပွဲထွက်လူစာရင်းကို သေချာရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့အိမ်ကွင်းခြေစွမ်းက အကောင်းဆုံးမှာ ရှိနေပေမယ့် ကစားရမယ့်အသင်းက နာပိုလီဖြစ်နေတာကြောင့် အနိုင်ရဖို့ ပုံမှန်ထက်ပို ကြိုးစားရပါလိမ့်မယ်။

နာပိုလီအသင်းရဲ့ ခြေစွမ်းကတော့ ပုံမှန်မှာပဲရှိနေသလို သူတို့အသင်းရဲ့အဓိက လက်နက်ဖြစ်တဲ့ တိုက်စစ်ပိုင်းကလည်း အကောင်းဆုံးမှာရှိနေပါတယ်။ အင်ဆစ်ဂ်နီ Insigne ၊ ကယ်လီဟွန် Callejón ၊ မာတန်စ် Mertens တို့ရဲ့တိုက်စစ်ဟာ အကောင်းဆုံးမှာရှိနေဆဲဖြစ်သလို အခုဆိုရင် လိုဇာနို Lozano ကိုပါခေါ်ယူထားတာကြောင့် အရင်ကထက် ပိုပြီးတောင့်တင်းသွားခဲ့ပါတယ်။ နာပိုလီအသင်းရဲ့ လက်ရှိအပြောင်းအရွှေ့ကာလအားဖြည့်မှုတွေဟာ အားစရာကောင်းနေသလို သူတို့ရဲ့အဓိကရည်ရွယ်ချက်ကလည်း စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်းရဲ့ လွှမ်းမိုးမှုကို အဆုံးသတ်နိုင်ဖို့ဖြစ်တာကြောင့် ဒီပွဲမှာအစွမ်းကုန်ကြိုးစားလာမှာ သေချာပါတယ်။ နည်းပြအန်ဆယ်လော့တီ Ancelotti ရဲ့ ဦးဆောင်မှုနဲ့အတူ နာပိုလီအသင်း ဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပေမယ့် အမြင့်ဆုံး သရေလောက်ပဲ ရနိုင်မယ်လို့ ထင်ပါတယ်။ စီးရီးအေရာသီဟာ အစသာရှိသေးပြီး ဒီအချိန်မှာ အသင်းကြီးတွေ အနေနဲ့အမှားခံလို့မရတာကြောင့် သရေရလဒ်ဟာ (၂)သင်းလုံးအတွက် မျှတပါတယ်။ (၂)သင်းပေါင်းသွင်းဂိုးနည်းနိုင်ပြီး ဂျူဗင်တပ်စ် (၁-၁) နာပိုလီရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

ဂျူဗင်တပ်စ် – နာပိုလီ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Napoli 1 – 2 Juventus
Juventus 3 – 1 Napoli
Juventus 0 – 1 Napoli
Napoli 0 – 1 Juventus
Napoli 3 – 2 Juventus

Photo: Juventus Twitter , Napoli Twitter , BroBible
Ko Kyue(Akhayar)
www.akhayar.com