၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြီးဆုံးခဲ့ပါပြီ။ သက်ဆိုင်ရာအသင်းတွေအတွက် ခြေစွမ်းပြကစားခဲ့သူတွေရှိသလို စိတ်ပျက်စရာ အနေအထားနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေလည်း အများကြီးပါပဲ။ အခုဖော်ပြချင်တာက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခွင့်အရေးဖြုန်းတီးမှု အများဆုံး ကစားသမားတွေဖြစ်ပါတယ်။ ဘယ်သူတွေ ပါဝင်ခဲ့ကြလဲဆိုတာ ကြည့်ရအောင် . . .

ဒီစာရင်းကိုကြည့်ရင် အခွင့်အရေးဖြုန်းတီးမှု အများဆုံးက ဖူလ်ဟမ်အသင်းတိုက်စစ်မှူး မီထရိုဗစ် Aleksandar Mitrovic ဖြစ်နေပါတယ်။ မီထရိုဗစ်ဟာ ဂိုးပေါက်ကန်သွင်းမှု (၁၃၁)ကြိမ်အထိရှိခဲ့ပေမယ့် (၁၁)ဂိုးသာသွင်းယူခဲ့တာကြောင့် ဂိုးပေါက်ကန်သွင်းမှုအလိုက် ဂိုးအဖြစ်ပြောင်းလဲနိုင်မှုက (၈.၄)ရာခိုင်နှုန်းအထိရှိခဲ့တယ်။ ဒါပေမဲ့ မီထရိုဗစ်ဟာ ဖူလ်ဟမ်အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့ပြီး ဥရောပထိပ်သီးအသင်းတွေကလည်း သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါပြီ။ မီထရိုဗစ်နောက်မှာ ရှိနေတာက ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဟီဂွါအင် Gonzalo Higuain ပါပဲ။ အေစီမီလန်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဟီဂွါအင်ဟာ ချယ်လ်ဆီးအသင်းတိုက်စစ်မှာ တာဝန်မကျေခဲ့ဘဲ ဂိုးပေါက်ကန်ချက်(၄၆)ကြိမ်မှာ (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီစာရင်းမှာ မထင်မှတ်ဘဲ ပါဝင်ခဲ့သူက ၀ုလ်ဗ်တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ် Raul Jimenez ဖြစ်ပါတယ်။ ဟီမီနက်ဇ်ဟာ ၀ုလ်ဗ်အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ကန်သွင်းချက် (၁၁၁)ကြိမ်မှာ (၁၃)ဂိုးသာ သွင်းယူနိုင်ခဲ့လို့ အခုလို ပါဝင်ခဲ့တာပါ။ ဒီရာသီမှာ မန်ယူအသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသလို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Marcus Rashford ကလည်း အခွင့်အရေးဖြုန်းတီးမှု အများဆုံးကစားသမားစာရင်းထဲမှာ အမည်ပေါက်ခဲ့ပါတယ်။ မန်ယူအသင်းကို ဆိုးလ်ရှား Ole Gunnar Solskjær စတင်ကိုင်တွယ်တုန်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရုန်းကန်ခဲ့ရသူ ရပ်ရှ်ဖို့ဒ်ဟာ ဂိုးပေါက်ကန်သွင်းမှု (၈၄)ကြိမ်မှာ (၁၀)ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်မှုက (၁၁.၉)ရာခိုင်နှုန်းပဲရှိခဲ့တယ်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေတဲ့ ပဲလေ့်တောင်ပံကစားသမား ဇာဟာ Wilfried Zaha ကတော့ ဒီစာရင်းမှာ အဆင့်(၉)နေရာရရှိခဲ့တယ်။ ဇာဟာရဲ့ စွမ်းဆောင်ရည်မှတ်တမ်းက ဂိုးပေါက်ကန်သွင်းမှု (၇၃)ကြိမ်ရှိခဲ့ပြီး (၁၀)ဂိုးသာ သွင်းယူခဲ့တာဖြစ်ပေမယ့် အသင်းအတွက် ဂိုးသွင်းခွင့်တွေ ရရှိအောင် ခြေစွမ်းပြခဲ့တာကြောင့် အပြစ်ပြောလို့တော့ မရပါဘူး။ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အခွင့်အရေးဖြုန်းတီးမှု အများဆုံးစာရင်းမှာ ဒီကစားသမားတွေအပြင် ပတ်ဒရို Pedro ၊ ကယ်လ်ဗတ်လေ၀င် Dominic Calvert-Lewin ၊ ဝေါလ်ကော့ Theo Walcott ၊ ရွန်ဒွန် Salomon Rondon ၊ ဒန်နီအင့်စ် Danny Ings စတဲ့ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။

REF:Daily Mail
Photo:The Independent,Daily Mail
Naing Linn(Akhayar)
www.akhayar.com