ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)စနေနေ့ပွဲတွေမှာတော့ ပွဲကြီးပွဲကောင်းတွေ မပါဝင်ဘဲ အသင်းကြီးတွေ ကစားမယ့်ပွဲအဖြစ် စပါး၊ မန်ယူတို့ပွဲတွေသာ ရှိနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေတဲ့ စပါးအသင်းဟာ တန်းဆင်းသွားပြီဖြစ်တဲ့ ဟတ်ဒါဖီးလ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး မန်ယူအသင်းကလည်း ၀က်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်လို့ နှစ်သင်းစလုံး ရလဒ်ကောင်းရယူနိုင်ဖို့ များနေပါတယ် . .

စပါး – ဟတ်ဒါဖီးလ် (စနေညနေ ၆း၀၀)

ပရီးမီးယားလိဂ်မှာ ရလဒ်တွေတောက်လျှောက် ဆိုးရွားနေပြီးမှ ပြီးခဲ့တဲ့တစ်ပတ်မှာ ပဲလေ့စ်ကို စပါးအသင်း အနိုင်ကစားခဲ့တယ်။ အဆင့်(၃)နေရာကို ချယ်လ်ဆီးအသင်းဆီ လွဲပေးခဲ့ရတဲ့အပြင် အာဆင်နယ်၊ မန်ယူတို့နဲ့ အမှတ်မကွာတော့တာကြောင့် စပါးအသင်း ချန်ပီယံလဂ်ဝင်ခွင့်ရဖို့ နောက်ထပ် အမှားခံလို့မရပါဘူး။ ဟတ်ဒါဖီးလ်ကတော့ တန်းဆင်းသွားပြီဖြစ်လို့ လက်ကျန်ပွဲတွေကို အဖြစ်လောက်ပဲ ကစားတော့မှာပါ။ စပါးအသင်းမှာ အဓိက ကစားသမားတချို့ ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် ခြေစွမ်းပိုင်း အားနည်းချက်တွေရှိနေနိုင်ပေမယ့် ဟတ်ဒါဖီးလ်ကိုတော့ မနိုင်စရာအကြောင်းမရှိပါဘူး။ စပါးအသင်း (၂)ဂိုးပြတ်လောက်နဲ့ နိုင်ဖို့များပါတယ်။

ဘန်လေ – ကာဒစ်ဖ် (စနေည ၈း၃၀)

တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့နှစ်သင်းဆုံတွေ့တဲ့ပွဲဖြစ်ပြီး ဘန်လေထက်စာရင် ကာဒစ်ဖ်က ဖိအားပိုများနေပါတယ်။ ဘန်လေအသင်း နောက်ပိုင်းပွဲတွေမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားနေပြီး ၀ုလ်ဗ်၊ ဘုန်းမောက်တို့ကို ဆက်တိုက်အနိုင်ကစားခဲ့တာကြောင့် တန်းဆင်းဇုန်ထဲက ကာဒစ်ဖ်နဲ့ (၈)မှတ်ကွာနေပြီဖြစ်ပေမယ့် ပေါ့ဆလို့ မရသေးပါဘူး။ ကာဒစ်ဖ်အတွက်တော့ တန်းမဆင်းမရဖို့ ပွဲတိုင်းကို ဗိုလ်လုပွဲလို့ သဘောထားကစားရမှာပါ။ ဒါပေမဲ့ ခြေတက်နေတဲ့ ဘန်လေကို အဝေးကွင်းမှာ အနိုင်ရဖို့တော့ ခက်ပါတယ်။ အိမ်ရှင်ဘန်လေအသင်းကိုပဲ ရွေးချယ်ချင်ပြီး အနည်းဆုံးသရေတစ်မှတ်တော့ ရယူသွားပါလိမ့်မယ်။

မန်ယူ – ၀က်စ်ဟမ်း (စနေည ၁၁း၀၀)

နောက်ပိုင်းပွဲတွေမှာ ရလဒ်ရော၊ ခြေစွမ်းပိုင်းပါ အကျဘက်ရောက်လာတဲ့ မန်ယူ နိုင်ပွဲပြန်ရှာဖို့လိုနေပါပြီ။ အခုဆိုရင် အဆင့်(၆)နေရာရောက်သွားပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ဒီလိုပွဲမျိုးမှာ အမှားခံလို့မရတော့ပါဘူး။ ၀က်စ်ဟမ်းအသင်းက ဘာမျှော်လင့်ချက်မှ မရှိတော့လို့ အမှတ်တွေထိုင်ဖြုန်းနေပါတယ်။ မန်ယူအသင်း နိုင်ပွဲရဖို့များပေမယ့် လက်ရှိတိုက်စစ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းလာမှုကြောင့် ဂိုးပြတ်ဖို့မဖြစ်နိုင်ဘဲ (၂-၁)ဂိုးလောက်နဲ့ပဲ အနိုင်ရဖို့များပါတယ်။

Photo:Evening Standard
Naing Linn(Akhayar)
www.akhayar.com