ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ လက်ရှိမှာ ပွဲစဉ်(၄)အထိ ပြီးဆုံးခဲ့ပါပြီ။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲဖြစ်ပြီး ပွဲစဉ်တိုင်းလိုလိုရင်ခုန်စရာတွေနဲ့ မထင်မှတ်တဲ့ ရလဒ်တွေကိုလည်း မြင်တွေ့နေရပါတယ်။ အခု ဒီ Article မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ရဲ့ ပြောစရာအကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၁၃)ပွဲဆက်နိုင်ခဲ့တဲ့ လီဗာပူးလ်

နည်းပြ ယာဂန်ကလော့ပ် Jürgen Klopp လက်ထက်မှာ တဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်မှာ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်(၁၃)ပွဲဆက် အနိုင်ရရှိခဲ့တာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း လီဗာပူးလ်အသင်းဟာ ပွဲစဉ်(၄)အပြီး ရမှတ်(၁၂)မှတ်ထိယူထားသလို ခြေစွမ်းပိုင်းကလည်း အကောင်းဆုံးမှာရှိနေတာကြောင့် ပရီးမီးယားလိဂ်ဖလားကို ပထမဆုံွးှကြိမ်ရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ပရီးမီးယားလိဂ် ဂိုး(၅၀)ပြည့်ခဲ့တဲ့ Firmino

မှတ်တမ်းမှတ်ရာတွေအရတော့ တောင်အမေရိကကစားသမား အများစုဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလေ့ရှိပါတယ်။ ဒါပေမယ့် လီဗာပူးလ်တိုက်စစ်ကစားသမား ဖေမီနို Firmino ကတော့ ချွင်းချက်ဖြစ်ပြီး ဘန်လေ(၀-၃)လီဗာပူးလ်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုး(၅၀)ပြည့်ခဲ့တဲ့ ပထမဆုံး ဘရာဇီးလ်ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ဂုဏ်ယူစရာမှတ်တမ်းတစ်ခုဖြစ်ခဲ့သလို လီဗာပူးလ်အသင်းအတွက် (၉)ယောက်မြောက် ဂိုး(၅၀)ပြည့်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

လူစားလဲခံရချိန်မှာ ပေါက်ကွဲခဲ့တဲ့ Mane

ဒီတစ်ပတ်မှာတော့ လီဗာပူးလ်အသင်းရဲ့ အကြောင်းက ပြောစရာအနည်းငယ် များနေပါတယ်။ ဘန်လေ(၀-၃)လီဗာပူးလ်ပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ လူစားလဲခံခဲ့ရတဲ့ မာနေး Mane ဟာ သူ့ရဲ့ဒေါသကို မထိန်းနိုင်ဘဲ အရန်ခုံတန်းမှာ ပေါက်ကွဲမိခဲ့ပါတယ်။ သူပေါက်ကွဲခဲ့တာကတော့ ဆာလာ Salah ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားပုံကြောင့် ဖြစ်ပြီး အသင်းဖော်တွေက ၀ိုင်းဝန်းဖြေသိမ့်ပေးခဲ့ရပါတယ်။ လက်ရှိမှာတော့ ဒီအခြေအနေဟာပြီးဆုံးသွားပြီဖြစ်သလို ဒီအနေအထားကြောင့် လာမယ့်ပွဲတွေမှာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုစည်းလုံးတဲ့ ပုံစံနဲ့ မြင်တွေ့ရမယ်ထင်ပါတယ်။

အနာဂတ်မသေချာပေမယ့် မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့တဲ့ Eriksen

စပါးကွင်းလယ်လူ အဲရစ်ဆင် Eriksen ရဲ့ အနာဂတ်ဟာ အခုချိန်ထိ ဘာမှန်းမသိသေးပေမယ့် ကစားသမားကတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန်နဲ့ အသင်းမှာရှေ့ဆက်နေပါတယ်။ အခု အာဆင်နယ်(၂-၂)စပါးပွဲစဉ်မှာလည်း အဲရစ်ဆင် ဟာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ပထမဆုံးဂိုး(၅၀)ပြည့်ခဲ့တဲ့ ဒိန်းမတ်ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲရစ်ဆင် ဟာ စပါးအသင်းအတွက် သွင်းဂိုး(၅၀) ၊ ဂိုးဖန်တီးမှု(၅၀)ကျော်လုပ်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အမှားအယွင်းတွေကြောင့် ဝေဖန်ခံနေရတဲ့ Lindelöf

ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ယူအသင်းရဲ့ ခံစစ်ကို အကောင်းဆုံး ဦးဆောင်ခဲ့တဲ့ လင်ဒီလော့ဖ် Lindelöf ဟာ လက်ရှိမှာ အမှားအယွင်းလေးတွေရှိလာတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လင်ဒီလော့ဖ် ရဲ့ ခြေစွမ်းကတော့ ပုံမှန်အတိုင်းဘဲ ရှိနေပေမယ့် အမှတ်မထင်သူ့ရဲ့ ပေါ့ဆမှုတွေက ပေးဂိုးတွေအဖြစ်ပြောင်းလဲ သွားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာတစ်ကြိမ် ၊ အခု ဆောက်သမ်တန်နဲ့ ပွဲမှာလည်း တစ်ကြိမ်ထပ်ဖြစ်ခဲ့ပြီး ခေါင်းခုန်တိုက်ခဲ့ပေမယ့် အနည်းငယ် မမီမကမ်းဖြစ်ခဲ့ရတာပါ။ ဒီအနေအထားတွေကြောင့် ရှေ့လာမယ့် ပွဲစဉ်တွေမှာတော့ လင်ဒီလော့ဖ် အနေနဲ့ပွဲအပေါ်အခုထက်ပိုပြီး အာရုံစိုက်သွားဖို့ လိုအပ်ပါတယ်။

တူတူညီညီ အမှတ်ဆုံးရှုံးနေကြတဲ့ မန်ယူ ၊ ချယ်လ်ဆီး ၊ အာဆင်နယ် နဲ့ စပါး

ဒီ(၄)သင်းရဲ့ လက်ရှိအနေအထားတွေက ရယ်ချင်စရာကောင်းနေပြီး တစ်သင်းအမှတ် ဆုံးရှုံးပြီးဆို နောက်တစ်သင်းက ဒါကို အခွင့်အရေးမယူနိုင်ဘဲ သူပါအမှတ်လိုက်ပြီး ဆုံးရှုံးနေတာပါပဲ။ ဒီရာသီမှာတော့ ဒီ(၄)သင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကိုပဲ အဓိကကြိုးစားရမယ့် အဖြစ်မျိုးလည်း ရာသီအစမှာတင်ဖြစ်နေခဲ့ပါပြီ။ မန်ယူ နဲ့ ချယ်လ်ဆီးအသင်းတွေကတော့ ဒီတစ်ပတ်မှာ အနိုင်ရသင့်ခဲ့ကြပေမယ့် နိုင်ပွဲအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုးမရှိခဲ့တာကြောင့် သရေရလဒ်တွေနဲ့ပဲ ကျေနပ်ခဲ့ကြရပါတယ်။ ဒီအချိန်မှာ အာဆင်နယ် နဲ့ စပါးထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းအနိုင်ရမလဲဆိုပြီး စိတ်ဝင်စားခဲ့ပေမယ့် ဒီ(၂)သင်းကလည်း ရမှတ်ခွဲယူခဲ့ကြပါတယ်။

Photo: Opta Joe Twitter , The National , WhatsNew2Day , Liverpool Twitter
Ko Kyue(Akhayar)
www.akhayar.com