ပရီးမီးယားလိဂ် ပွဲစဉ်(၄)မှာ Super Sunday ရဲ့ ထုံးစံအတိုင်း ပွဲကြီးပွဲကောင်းဖြစ်တဲ့ အာဆင်နယ်-စပါးအသင်းတို့ ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲ ပါဝင်နေပါတယ်။ နှစ်သင်းစလုံးက ပြီးခဲ့တဲ့ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီ ရင်ဆိုင်ခဲ့ရတာကြောင့် နိုင်ပွဲပြန်ရှာတွေ့ဖို့ လိုနေပါပြီ။ ဒါကြောင့် အီမရိတ်စ်ကွင်းမှာ ဘယ်အသင်း ရလဒ်ကောင်းရယူသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ . . .

အဲဗာတန် – ၀ုလ်ဗ် (တနင်္ဂနွေ ည ၇း၃၀နာရီ)

ရာသီအစ (၃)ပွဲဆက် သရေကျပြီး ၀ုလ်ဗ်အသင်း နိုင်ပွဲ မရသေးပါဘူး။ ကစားပုံက အရင်အတိုင်း မာကျောနေဆဲဆိုပေမယ့် တိုက်စစ်အားက မနှစ်ကထက် နည်းနည်းကျသွားပါတယ်။ အဲဗာတန်အသင်းကလည်း အရမ်းအကောင်းကြီး မဟုတ်ပြန်ဘူး။ ပြီးခဲ့တဲ့တစ်ပတ်က တန်းတက် အက်စတွန်ဗီလာကို (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ အခုလောလောဆယ် (၄)မှတ်ပဲရထားတယ်။ အသင်းကြီးတွေနဲ့ဆို အဲဗာတန် ကစားပုံကောင်းပေမယ့် အလယ်အလတ်အသင်းတွေနဲ့ဆို ရုန်းကန်ရလေ့ရှိတာကြောင့် ဒီပွဲမှာ အဲဗာတန်ကို သိပ်မျှော်လင့်လို့ မရပါဘူး။ ဧည့်သည်ဝုလ်ဗ်အသင်း သရေတစ်မှတ်ရယူသွားပါလိမ့်မယ်။

အာဆင်နယ် – စပါး (တနင်္ဂနွေ ည ၁၀း၀၀ နာရီ)

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဆုံတွေ့မှုမှာ အာဆင်နယ်က နှစ်ကျော့စလုံး အသာရခဲ့ပြီး အိမ်ကွင်းမှာ အနိုင်၊ အဝေးကွင်းမှာ သရေရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ ခြေစွမ်းကို ကြည့်ရင် အာဆင်နယ်ထက် စပါးအသင်းက ခြေစွမ်း ပိုကျသွားသလိုပဲ။ ကစားပြီးသမျှ (၃)ပွဲစလုံးမှာ စပါးအသင်းရဲ့ အနေအထားက အားရစရာ သိပ်မရှိဘူး။ အဓိက ကစားသမားတွေ အစုံအလင် မပါနိုင်တာကလည်း စပါးအသင်းအတွက် ပြဿနာဖြစ်နေတယ်။ နောက်ပြီး အဓိက ကွင်းလယ်လူ အဲရစ်ဆင် Eriksen ကို နည်းပြ ပိုချက်တီနို Pochettino က ခေါက်ထားလို့ စပါးအသင်း ကွင်းလယ်တိုက်စစ် စွမ်းဆောင်ရည် ကျဆင်းနေရတဲ့အကြောင်းတစ်ချက်ပါပဲ။ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးလ်ကို ခံစစ်အားနည်းချက်တွေနဲ့ ရှုံးနိမ့်ခဲ့တယ်။ ကစားသမား အင်အားတောင့်တင်းပေမယ့် အမ်မရီ Unai Emery ရဲ့ မလိုလားအပ်တဲ့ လူထုတ်ပုံတွေကြောင့် အသင်းရဲ့ ကစားပုံက လိုအပ်ချက်တွေ များနေတာပါ။ တိုက်စစ်မှာ လာကာဇက် Lacazette ၊ ပီပီ Pépé ၊ အူဘာမီယန်း Aubameyang တို့ကို ပွဲထုတ်မယ်ဆိုရင် အခုထက် ပိုကောင်းဖို့ရှိတယ်။ ခံစစ်မှာတော့ အားနည်းရတဲ့အထဲ မွန်ရီယဲလ် Nacho Monreal ပါ ထပ်ထွက်သွားတာက စိတ်ပျက်စရာပါပဲ။ အာဆင်နယ်အသင်း ခံစစ်က အားနည်းပေမယ့် စပါးအသင်း တိုက်စစ်စွမ်းဆောင်ရည်ကလည်း အားရစရာမရှိလို့ ဒီပွဲက မထင်မှတ်ဘဲ သွင်းဂိုး နည်းနိုင်ပြီး (၁-၁) ဒါမှမဟုတ် အာဆင်နယ် (၂-၁) စပါးဆိုတဲ့ ရလဒ်မျိုးကို ပိုကြိုက်မိတယ်။

Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com