ပရီးမီးယားလိဂ်ပွဲစဉ် (၃၇)တနင်္ဂနွေနေ့ပွဲတွေမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေကြတဲ့ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ မန်ယူအသင်းတို့ရဲ့ပွဲစဉ်တွေ ပါဝင်နေပြီး ထူးခြားတာက ဒီ(၃)သင်းစလုံးက ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းရဲ့ ရှုံးပွဲကို ဘယ်အသင်း အခွင့်အရေးယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ . . .

ချယ်လ်ဆီး – ၀က်ဖို့ဒ် (တနင်္ဂနွေ ည ၇း၃၀)

အရေးကြီးတဲ့အချိန်ကျမှ ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်(၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဒီတစ်ပွဲမှာတော့ ချယ်လ်ဆီး ပြန်လာသင့်ပြီလို့ထင်တယ်။ ဒါပေမဲ့ ၀က်ဖို့ဒ်အသင်းရဲ့ ခြေစွမ်းမာကျောမှုကိုတော့ သတိပြုရမယ်။ နောက်တစ်ခုကလည်း အလယ်အလတ်အသင်းတွေဟာ အသင်းကြီးတွေနဲ့ဆိုရင် ခြေကုန်ထုတ် ကစားနေတာကြောင့် ချယ်လ်ဆီးအတွက် လွယ်ကူတဲ့ပွဲတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အိမ်ကွင်းဖြစ်နေတဲ့အပြင် နိုင်ပွဲရဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းကို ရွေးချယ်ရမှာဖြစ်ပေမယ့် ဂိုးပြတ်ဖို့ မလွယ်ဘဲ (၁-၀)၊ (၂-၁)ရလဒ်တွေ ထွက်ပေါ်လာဖို့ရှိနေတယ်။

ဟတ်ဒါဖီးလ် – မန်ယူ (တနင်္ဂနွေ ည ၇း၃၀)

ဒီတစ်ပွဲမှ မနိုင်ရင်တော့ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ မထိုက်တန်ဘူးလို့ပဲ ပြောရမယ်။ အသင်းက ဘယ်လိုပုံစံနဲ့ပဲ ပွဲထွက်ပါစေ ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ အားရစရာမကောင်းဘူး။ ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲဆက်လည်း နိုင်ပွဲပျောက်ခဲ့တယ်။ ဟတ်ဒါဖီးလ်ကတော့ တန်းဆင်းသွားပြီဖြစ်ပေမယ့် အိမ်ကွင်းမှာ သိက္ခာဆယ်ဖို့ ကြိုးစားဦးမှာပဲ။ ဒါပေမဲ့လည်း အသင်းရဲ့ ရလဒ်တွေကတော့ စိတ်ပျက်စရာကောင်းနေတုန်းပါ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ပွဲမှာတော့ မန်ယူ နိုင်ပွဲပြန်ရှာတွေ့မှာဖြစ်ပြီး (၂)ဂိုးပြတ်လောက်နဲ့ နိုင်မယ်လို့ထင်ပါတယ်။

အာဆင်နယ် – ဘရိုက်တန် (တနင်္ဂနွေ ည ၁၀း၀၀)

မနေ့က ကစားခဲ့တဲ့ပွဲမှာ ပဲလေ့စ်ကို ကာဒစ်ဖ် ရှုံးနိမ့်ခဲ့လို့ တန်းဆင်းသွားပြီဖြစ်တာကြောင့် ဘရိုက်တန် ဖိအားမရှိတော့ပါဘူး။ အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နောက်ဆုံးမျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ဦးမှာပါ။ ဘရိုက်တန်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ဘက်ကောင်းဖြစ်လာမှာ မဟုတ်ပါဘူး။ အိမ်ကွင်းမှာ အာဆင်နယ် ပေါက်ကွဲပြမယ့်ပွဲဖြစ်ပြီး (၃)ဂိုးပြတ်လောက်နဲ့ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။

Photo:We Ain’t Got No History
Naing Linn(Akhayar)
www.akhayar.com