၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ခရီးဆုံးကို မကြာခင်ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒီတစ်ပတ်ပွဲစဉ်(၃၇)စနေနေ့ပွဲတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရမယ့် စပါး၊ ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်အတွက် အမှားမခံတော့တဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်တွေပါဝင်နေပြီး ဒီနှစ်သင်း ရလဒ်ကောင်းရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . . .

ဘုန်းမောက် – စပါး (စနေ ညနေ ၆း၀၀)

စပါးအသင်း မလိုလားအပ်ဘဲ အမှတ်တွေ ဖြုန်းတီးနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ပိုင်ပိုင်နိုင်နိုင် ရရှိရမယ့်အစား အသည်းအသန်ရုန်းကန်နေရတယ်။ ဒါပေမဲ့ လက်ကျန်နှစ်ပွဲထဲက တစ်ပွဲကို နိုင်ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့် ရပါပြီ။ အခုရင်ဆိုင်ရမယ့် ဘုန်းမောက်ကလည်း တန်းမဆင်းရဖို့ သေချာသွားပြီဖြစ်လို့ အမှတ် မလိုတော့ပါဘူး။ တစ်ခုရှိတာက ဘုန်းမောက်အသင်း အိမ်ကွင်းခြေမာတာကြောင့် စပါး သတိထားကစားရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကစားဖို့ရှိနေတဲ့ စပါးအသင်း လူစုံထုတ်ဖို့ မရှိလို့ ခက်ခက်ခဲခဲကစားပြီးမှ (၁-၀)ဂိုးလောက်နဲ့ ကပ်နိုင်သွားမယ်လို့ထင်တယ်။

ကာဒစ်ဖ် – ပဲလေ့စ် (စနေ ည ၁၁း၀၀)

တန်းမဆင်းရဖို့ ရုန်းကန်နေပေမယ့် ကာဒစ်ဖ်ရဲ့ ရလဒ်တွေက အားရစရာမရှိပါဘူး။ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာနိုင်ပြီး နောက်ဆုံး(၂)ပွဲဆက် ရှုံးခဲ့တယ်။ သူ့အပေါ်က ဘရိုက်တန်ကလည်း ရလဒ်တွေဆိုးရွားနေလို့ ကာဒစ်ဖ် အခုအချိန်အထိ အသက်ရှိနေသေးတာပါ။ ပဲလေ့စ်ကတော့ တန်းမဆင်းရဖို့ စိတ်ချရပြီဖြစ်တာကြောင့် နိုင်တစ်ခါ၊ ရှုံးတစ်လှည့်နဲ့ ရလဒ်တွေ မတည်ငြိမ်ပါဘူး။ ဒီပွဲမှာ မဖြစ်မနေအနိုင်ကစားရမယ့် ကာဒစ်ဖ်ကို ရွေးချယ်ချင်ပြီး (၂-၁)လောက်နဲ့ နိုင်မယ်လို့ထင်ပါတယ်။

နယူးကာဆယ် – လီဗာပူးလ် (တနင်္ဂနွေ မနက်၁း၅)

လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ချက်အတွက် လက်ကျန်ပွဲတွေကို အနိုင်ကစားရတော့မှာပါ။ တစ်ဖက်မှာ မန်စီးတီး ဘယ်လိုပဲရလဒ်ထွက်သည်ဖြစ်စေ ကိုယ့်ဘက်က သေချာအောင် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်နီတက်ဇ် Rafael Benitez ရဲ့ နယူးကာဆယ်အသင်းကလည်း ရလဒ်ကောင်းနေပြီး အိမ်ကွင်းမှာ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ဟန့်တားဖို့ ဆန္ဒပြင်းပြနေပါလိမ့်မယ်။ နယူးကာဆယ်ရဲ့ အိမ်ကွင်းတုံ့ပြန်အားကြောင့် လီဗာပူးလ်အတွက် ခက်ခဲမှာ အသေအချာပါပဲ။ မထင်မှတ်ဘဲ သရေကျသွားဖို့ရှိနေပြီး (၁-၁) ဒါမှမဟုတ် လီဗာပူးလ်နိုင်ရင်တောင် (၂-၁)လောက်နဲ့ပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

Photo:Flipboard
Naing Linn(Akhayar)
www.akhayar.com