ပရီးမီးယားလိဂ်ပွဲစဉ် (၃၆)တနင်္ဂနွေနေ့ပွဲတွေမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမယ့် မန်ယူနဲ့ ချယ်လ်ဆီးပွဲပါဝင်နေပါတယ်။ အဆင့်(၃)နေရာက စပါးအသင်း ရှုံးပွဲကြုံခဲ့တာကြောင့် အဲဒီအခွင့်အရေးကို အမိအရအသုံးချနိုင်ဖို့ မန်ယူနဲ့ချယ်လ်ဆီးအသင်းတို့ ကြိုးပမ်းကြမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေတဲ့ နောက်ထပ်တစ်သင်းဖြစ်တဲ့ အာဆင်နယ်ကတော့ လက်စတာနဲ့ အဝေးကွင်းပွဲစဉ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်နဲ့အပြိုင်ဖြစ်နေတဲ့ မန်စီးတီးအသင်းက အခုလတ်တလောခြေတက်နေတဲ့ ဘန်လေအသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်လို့ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ . . . .

လက်စတာ – အာဆင်နယ် (တနင်္ဂနွေ ညနေ ၅း၃၀)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့အချိန်ရောက်မှာ အာဆင်နယ် ရလဒ်တွေ ဆိုးရွားနေတယ်။ ပဲလေ့စ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့သလို၊ ပြီးခဲ့တဲ့ကြားရက်မှာလည်း ၀ုလ်ဗ်ကို အဝေးကွင်းမှာ ရှုံးခဲ့ပြန်တယ်။ အာဆင်နယ်အသင်းဟာ Physical ပိုင်း ဦးစားပေးပြီး မာမာထန်ထန် တုံ့ပြန်ကစားတတ်တဲ့အသင်းတွေနဲ့ဆိုရင် ရုန်းကန်ရလေ့ရှိတာကြောင့် အခု လက်စတာအသင်းကလည်း အဲဒီလိုအသင်းမျိုးဖြစ်လို့ ခက်ခဲဦးမှာပါပဲ။ နောက်ထပ် စိုးရိမ်စရာတစ်ချက်ကလည်း ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ အလယ်အလတ်အသင်းတွေက ထိပ်ဆုံးက (၆)သင်းနဲ့တွေ့ရင် နိုင်ပွဲရဖို့ အသည်းအသန်ကစားပြီး ဒုက္ခပေးလေ့ရှိတာကို အခုနောက်ပိုင်းပွဲတွေမှာ မြင်တွေ့နေရတာဖြစ်ပါတယ်။ လက်စတာအသင်း (၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာ မှန်ပေမယ့် အခုပွဲမှာ အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြိုးစားဦးမှာပါ။ အိမ်ရှင်အသင်း အမှတ်ခွဲယူသွားနိုင်မယ်လို့ ထင်ပါတယ်။

ဘန်လေ – မန်စီးတီး (တနင်္ဂနွေ ည ၇း၃၅)

တန်းမဆင်းရဖို့ စိတ်ချသွားပြီဖြစ်တဲ့ ဘန်လေတို့ မန်စီးတီးရဲ့ ချန်ပီယံမျှော်လင့်ချက်ကို အနှောက်အယှက်ပေးဖို့ ကြိုးစားဦးမှာပါ။ ထူးခြားတာတစ်ခုကလည်း ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတိုင်း လက်ရှိချန်ပီယံတွေကို အနိုင်ယူလေ့ရှိတာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့တဲ့ ဘန်လေကို မန်စီးတီး လျှော့တွက်လို့တော့ မရပါဘူး။ ဒါပေမဲ့ မန်စီးတီးအသင်းကလည်း ပွဲကျပ်ကာလကို အကောင်းဆုံးကျော်ဖြတ်ခဲ့ပြီးမှ ဘန်လေလိုအသင်းမျိုးနဲ့ပွဲမှာ အမှားအယွင်းခံမှာ မဟုတ်လောက်ပါဘူး။ ဘန်လေရဲ့ အိမ်ကွင်းခြေမာကျောမှုကြောင့် မန်စီးတီး ခက်ခဲဖို့ရှိနေပမေယ့် နိုင်ပွဲရယူသွားမယ်လို့ ထင်ပြီး ဘန်လေ(၁-၂)မန်စီးတီးဆိုတဲ့ ရလဒ်ထွက်ပေါ်လာမယ်လို့ ယူဆမိပါတယ်။

မန်ယူ – ချယ်လ်ဆီး (တနင်္ဂနွေ ည ၁၀း၀၀)

တကယ်လို့သာ စပါး၊ ချယ်လ်ဆီး၊ အာဆင်နယ်အသင်းတို့ မထင်မှတ်တဲ့ ရလဒ်တွေ မဖြစ်လာဘူးဆိုရင် မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အဆုံးသွားမယ့်အနေအထားပါပဲ။ မန်ယူ ရလဒ်တွေ ဆိုးနေချိန်မှာ တခြားအသင်းတွေကလည်း သူ့ထက်ငါ အပြိုင်ညံ့နေကြလို့သာ ချန်ပီယံလိဂ်ဝင်ခွင့်က အခုအချိန်အထိ အသက်ဝင်နေတာဖြစ်ပါတယ်။ အခုပွဲမှာလည်း ခြေစွမ်းခြင်း ပြိုင်ညံ့နေကြတဲ့ မန်ယူနဲ့ ချယ်လ်ဆီးတို့ ဆုံတွေ့နေကြပါပြီ။ မန်ယူက ပရီးမီးယားလိဂ်(၂)ပွဲဆက် ရှုံးနိမ့်ခဲ့သလို ချယ်လ်ဆီးကလည်း တစ်ပွဲရှုံး၊ တစ်ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒီပွဲမှာ ဟာရဲရား Ander Herrera ပြန်ပါလာဖို့ ရှိနေတာကြောင့် မန်ယူ ကွင်းလယ်ကစားပုံ တိုးတက်လာမယ်လို့ မျှော်လင့်ရတာပါပဲ။ ချယ်လ်ဆီးအသင်းကတော့ စပါးအသင်းနဲ့ အမှတ်တူအောင် ဒီပွဲကို အနိုင်ရဖို့ လိုနေပါတယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းကတော့ သိပ်အကွာကြီး မဟုတ်ပါဘူး။ သရေကျဖို့ များပေမယ့် အနိုင်ဆိုရင်တော့ မန်ယူကိုပဲ ရွေးချယ်ချင်ပြီး (၀-၀) ဒါမှမဟုတ် မန်ယူ(၁-၀)ချယ်လ်ဆီးဆိုတဲ့ ရလဒ်တွေကို ပိုကြိုက်မိတယ်။

Photo:The Independent
Naing Linn(Akhayar)
www.akhayar.com