ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) စနေနေ့ပွဲတွေမှာတော့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲတွေ မပါဝင်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေတဲ့ စပါးနဲ့ ၀က်စ်ဟမ်းအသင်းတို့ရဲ့ လန်ဒန်ဒါဘီ၊ တန်းမဆင်းရဖို့ အသည်းအသန်တိုက်ပွဲဝင်နေတဲ့ ကာဒစ်ဖ်က အဝေးကွင်းမှာ ဖူလ်ဟမ်၊ ဘရိုက်တန်-နယူးကာဆယ်ပွဲတွေရှိနေတာကြောင့် အကြိတ်အနယ်ရှိဦးမှာ အသေအချာပါပဲ . . .

စပါး – ၀က်စ်ဟမ်း (စနေ ညနေ ၆း၀၀)

စပါးအသင်း ရလဒ်တွေ မတည်မငြိမ်ဖြစ်နေပေမယ့် နောက်ကလိုက်နေတဲ့ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့ကလည်း ရလဒ်တွေ ဆိုးရွားနေတာကြောင့် အဆင့်(၃)နေရာမှာပဲ ဆက်ရှိနေတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲအနိုင်ရခဲ့ပြီး (၂)ပွဲရှုံးနိမ့်ခဲ့တယ်။ အသင်းရဲ့ တိုက်စစ်မှာ အဓိက ကစားသမားတချို့ ဒဏ်ရာပြဿနာတွေရှိနေတဲ့အပြင် လာမယ့်ကြားရက်ကျရင်လည်း ချန်ပီယံလိဂ်ကစားဖို့ရှိနေတာကြောင့် ဒီပွဲမှာ အင်တိုက်အားတိုက် ကစားနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမယ်။ ၀က်စ်ဟမ်းအသင်းကတော့ တန်းမဆင်းရဖို့ သေချာသွားပြီဖြစ်လို့ အမှတ်တွေဖြုန်းတီးနေတယ်။ ပရီးမီးယားလိဂ်(၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် ဒီပွဲမှာလည်း သိပ်ပြီးမျှော်လင့်လို့ မရပါဘူး။ တစ်ခုပဲရှိတာက လန်ဒန်ဒါဘီပွဲဖြစ်လို့ အာရုံစိုက်ကစားမယ့်အနေအထားပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိမ်ရှင်စပါးအသင်းကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး (၁-၀)၊ (၂-၁)ရလဒ်တွေနဲ့ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။

ဖူလ်ဟမ် – ကာဒစ်ဖ် (စနေ ည ၈း၃၀)

တန်းဆင်းသွားပြီဖြစ်တဲ့ ဖူလ်ဟမ် ကာဒစ်ဖ်ကို ဆွဲခေါ်သွားမလား၊ ဒါမှမဟုတ် အမှတ်ပေးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကာဒစ်ဖ်ကလည်း တန်းမဆင်းရဖို့ ကြိုးစားနေပေမယ့် ရလဒ်တွေက ထင်သလောက် မဟုတ်သေးဘူး။ ခြေစွမ်းပိုင်းကတော့ ပုံမှန်အတိုင်းရှိပါတယ်။ ဒီပွဲရလဒ်က နောက်ဆုံး(၂)ပွဲဆက် အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်အပေါ်မှာ မူတည်ပြီး အိမ်ကွင်းမှာ ပရိသတ်တွေ စိတ်ကျေနပ်အောင် ကစားပြမလားဆိုတာ စောင့်ကြည့်ရမယ်။ သရေကျဖို့ များပေမယ့် အနိုင်ဆိုရင်တော့ ကာဒစ်ဖ်အသင်းကိုပဲ အရဲစွန့်ရွေးချယ်ရမှာပါ။

ဘရိုက်တန် – နယူးကာဆယ် (စနေ ည ၁၁း၀၀)

အဆင့်(၁၇)နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန် သူ့အောက်က ကာဒစ်ဖ်နဲ့ (၃)မှတ်သာ ကွာတာကြောင့် အိမ်ကွင်းမှာ အမှတ်ပြည့်ရဖို့ အသည်းအသန်ကစားမှာပါ။ ခက်တာကလည်း ဘရိုက်တန်အသင်း ပရီမီးယားလိဂ် (၆)ပွဲဆက် နိုင်ပွဲပျောက်နေတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ ဘာဖိအားမှ မရှိတော့လို့ စိတ်အေးလက်အေး ကစားလို့ရပါတယ်။ အိမ်ကွင်းဆိုရင် ဘရိုက်တန်အသင်း ကစားပုံ မာကျောတာကြောင့် အိမ်ရှင်အသင်းပဲ ရလဒ်ကောင်းရယူသွားဖို့ များပါတယ်။

Photo:Evening Standard
Naing Linn(Akhayar)
www.akhayar.com