ပရီးမီးယားလိဂ်ပွဲစဉ် (၃၅)တနင်္ဂနွေနေ့ပွဲတွေမှာတော့ မျှော်လင့်ချက်ကိုယ်စီနဲ့ တိုက်ပွဲဝင်နေကြတဲ့ မန်ယူ၊ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းပွဲစဉ်တွေ ပါဝင်နေတာကြောင့် ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စရာကောင်းနေပါတယ်။ မန်ယူနဲ့ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မဖြစ်မနေ အနိုင်ကစားရမှာဖြစ်ပြီး လီဗာပူးလ်အသင်းကလည်း ထိပ်ဆုံးနေရာကို ပြန်ရောက်ဖို့အတွက် အဝေးကွင်းမှာ နိုင်ပွဲရယူဖို့ လိုနေပါပြီ . .

အဲဗာတန် – မန်ယူ (တနင်္ဂနွေ ည ၇း၀၀)

အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေကို အဲဗာတန် တောက်လျှောက်ဒုက္ခပေးနေတယ်။ လီဗာပူးလ်ကို သရေ၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့ကို အနိုင်ကစားခဲ့တဲ့ အဲဗာတန် အခုပွဲမှာလည်း ခြေပျက်နေတဲ့ မန်ယူကို ထပ်ပြီးဒုက္ခပေးဦးမှာပဲ။ မန်ယူအသင်းကတော့ နည်းပြဆိုးလ်ရှား Ole Gunnar Solskjaer စတင်ကိုင်တွယ်တုန်းက အခြေအနေနဲ့ လုံးဝပြောင်းပြန်ဖြစ်သွားပြီး အခုနောက်ပိုင်းပွဲတွေမှာ မထင်မှတ်လောက်အောင် ရုန်းကန်နေရတယ်။ စီနီယာကစားသမားတွေ ခြေစွမ်းကျနေသလို လူငယ်ကစားသမားတွေရော၊ အရန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပါ အားရစရာမရှိဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် မန်ယူ အမှားမခံတော့တဲ့အချိန်ရောက်နေပါပြီ။ ၂၀၁၅ နောက်ပိုင်းကတည်းကလည်း အဲဗာတန်ကို မန်ယူ အိမ်ကွင်း၊ အဝေးကွင်း မရှုံးသေးပါဘူး။ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းမာကျောမှုအရ သရေတစ်မှတ် ရယူနိုင်ခြေရှိပေမယ့် အနိုင်ဆိုရင်တော့ မန်ယူကိုပဲ အရဲစွန့်ရွေးချယ်ချင်ပြီး (၁-၁) ဒါမှမဟုတ် မန်ယူ(၂-၁)လောက်နဲ့ပဲ နိုင်မယ်လို့ ထင်ပါတယ်။

အာဆင်နယ် – ပဲလေ့စ် (တနင်္ဂနွေ ည ၉း၃၀)

မနေ့ကပွဲမှာ စပါးအသင်း ရှုံးပွဲတွေ့ခဲ့လို့ အဆင့်(၃)နေရာကို ရယူဖို့အတွက် အာဆင်နယ် အမှားခံမှာ မဟုတ်လောက်ဘူး။ ဒီပွဲနိုင်ရင် အဆင့်တက်မယ့်အပြင် စပါးအသင်းကိုလည်း (၂)မှတ်ဖြတ်ထားနိုင်မှာပါ။ အခုလောလောဆယ်မှာလည်း အာဆင်နယ် ခြေစွမ်းရော၊ စိတ်ဓာတ်ပိုင်းပါ အကောင်းဆုံးအနေအထား ရှိနေတယ်လို့ ပြောရမယ်။ ပဲလေ့စ်အသင်းက တန်းဆင်းဇုန်က ကာဒစ်ဖ်နဲ့ (၈)မှတ်သာကွာဟနေလို့ တန်းမဆင်းရဖို့ လုံးဝစိတ်ချရတဲ့အနေအထားတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ အဝေးကွင်းဆိုရင် ပဲလေ့စ် အဆိပ်မရှိတဲ့အပြင် အသင်းကြီးတွေနဲ့ပွဲတွေမှာလည်း ရုန်းကန်ရလေ့ရှိပါတယ်။ အာဆင်နယ် နိုင်ပွဲရဖို့သေချာပြီး (၂)ဂိုးပြတ်လောက်နဲ့ နိုင်သွားမယ်လို့ ထင်မိတယ်။

ကာဒစ်ဖ် – လီဗာပူးလ် (တနင်္ဂနွေ ည ၉း၃၀)

ပုံမှန်အတိုင်းဆိုရင် ဒီပွဲဟာ လီဗာပူးလ်အတွက် လွယ်ကူမယ့်ပွဲလို့ ယူဆလို့ရပေမယ့် ကာဒစ်ဖ် တန်းမဆင်းရဖို့ ရုန်းကန်နေရတာကြောင့် အစွမ်းကုန်ရုန်းကန်ဦးပါပဲ။ အဆင့်(၁၇)က ဘရိုက်တန်နဲ့ (၃)မှတ်သာကွာလို့ ကာဒစ်ဖ် အသက်ရှိနေပါသေးတယ်။ ဒါပေမဲ့ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား ရယူဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်း အမှားခံပါ့မလားဆိုတာ စဉ်းစားစရာပဲ။ မန်စီးတီးပွဲကျပ်တွေ ကစားရဖို့ရှိနေချိန်မှာ လက်ကျန်ပွဲတွေ အားလုံးချောင်နေတဲ့ လီဗာပူးလ် အရင်အကြိမ်တွေတုန်းကလို ခြေချော်မယ့်အနေအထားမျိုး မဖြစ်လောက်ဘူးလို့ ထင်ပါတယ်။ ကာဒစ်ဖ်ရဲ့ ရုန်းကန်အားကြောင့် လီဗာပူးလ် လွယ်ကူဖို့မရှိပေမယ့် နိုင်ပွဲရယူသွားဖို့ရှိပြီး (၂-၁)၊ (၂-၀)ရလဒ်တွေ ထွက်ပေါ်လာဖို့ရှိပါတယ်။

Photo:The Telegraph
Naing Linn(Akhayar)
www.akhayar.com