ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)စနေနေ့ပွဲတွေမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့စပါးအသင်းတို့ ကစားမယ့်ပွဲပါဝင်နေပါတယ်။ ဒီနှစ်သင်းဟာ လောလောလတ်လတ်အဖြစ် ချန်ပီယံလိဂ်မှာ ဆုံတွေ့ခဲ့ပြီး စပါးအသင်းက မန်စီးတီးကို ဖြုတ်ချနိုင်ခဲ့တာကြောင့် အခုပရီးမီးယားလိဂ်မှာ ပြန်ဆုံတဲ့ပွဲကတော့ တကယ့်ကို အကြိတ်အနယ်ရှိလာမှာပါ။ ချန်ပီယံလိဂ်တုန်းက အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့် အဝေးဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့ရတဲ့ မန်စီးတီး စပါးအသင်းကို လက်စားပြန်ချေနိုင်မလားဆိုတာကတော့ . . .

မန်စီးတီး – စပါး (စနေ ညနေ ၆း၀၀)

ဒီရာသီ ဆုဖလား(၄)လုံး ပစ်မှတ်ထားနေတဲ့ မန်စီးတီးအသင်းရဲ့ ရည်မှန်းချက်ထဲက ဖလားတစ်လုံး ဆုံးရှုံးသွားအောင် စပါးအသင်း ဒုက္ခပေးနိုင်ခဲ့တယ်။ အခုလည်း ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးလ်နဲ့အပြိုင်ဖြစ်နေချိန်မှာ မန်စီးတီးကို နောက်ထပ် ဒုက္ခပေးနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပဲ။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတုန်းက မန်စီးတီးအသင်း ခြေစွမ်းပိုင်းအသာရခဲ့သလို နိုင်ပွဲလည်း ရယူနိုင်ခဲ့ပေမယ့် ဂိုးတွေပြန်ပေးလိုက်ရလို့ ခံခဲ့ရတာပါ။ အခုပွဲမှာလည်း စပါးအသင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် မန်စီးတီးအသင်းပဲ အသာစီးရမယ့် အနေအထားလို့ပြောရမယ်။ တစ်ခုရှိတာကလည်း စပါးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အမှားမခံတော့တဲ့ အချိန်ရောက်နေတယ်။ အာဆင်နယ်၊ ချယ်လ်ဆီးတို့နဲ့ တစ်မှတ်၊ မန်ယူနဲ့(၃)မှတ်အကွာအနေအထားက စပါးအသင်း တစ်ပွဲခြေချော်တာနဲ့ အဆင့်ကျသွားနိုင်တဲ့ အခြေအနေမျိုးပါပဲ။ အဝေးကွင်းမှာ စပါးအသင်းအတွက် အမြင့်ဆုံးမျှော်လင့်ချက်က သရေတစ်မှတ်သာဖြစ်လာနိုင်ပြီး မန်စီးတီးကိုပဲ ရွေးချယ်ရမှာပါ။ မန်စီးတီး(၂-၀)၊ (၂-၁)ဂိုးတွေနဲ့ အနိုင်ယူသွားမယ်လို့ထင်ပါတယ်။

Photo:The Independent
Naing Linn(Akhayar)
www.akhayar.com