ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)ပွဲကျန်ဖြစ်တဲ့ ၀က်ဖို့ဒ်နဲ့အာဆင်နယ်ပွဲကို ဒီနေ့ည(မြန်မာစံတော်ချိန် အင်္ဂါမနက် ၁း၃၀)မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေပွဲတွေမှာ ချယ်လ်ဆီးကလွဲပြီး စပါး၊ မန်ယူအသင်းတို့ နိုင်ပွဲတွေ ရယူခဲ့တာကြောင့် အာဆင်နယ်အသင်း ဒီပွဲမှာ အမှားခံလို့မရတော့ပါဘူး။ ၀က်ဖို့ဒ်အသင်းဟာ ဥရောပ၀င်ခွင့် မျှော်လင့်ချက်မရှိတော့သလို တန်းမဆင်းရဖို့လည်း စိတ်ချရပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ထက် FA ဖလား ဗိုလ်လုပွဲကိုပဲ အာရုံစိုက်ရမယ့်အနေအထားပါ။ အခုနောက်ပိုင်း အသင်းကြီးတွေနဲ့ တွေ့တဲ့ပွဲတွေမှာလည်း ရလဒ်မကောင်းခဲ့ဘူး။ ဒါပေမဲ့ အိမ်ကွင်းခြေစွမ်းမာကျောတာကြောင့် အာဆင်နယ်ကို အတတ်နိုင်ဆုံးဒုက္ခပေးဖို့ ကြိုးစားသွားဦးမှာပါ။

အာဆင်နယ်ကတော့ တောက်လျှောက်ခြေမှန်လာပြီးမှ ပြီးခဲ့တဲ့တစ်ပတ်က အဲဗာတန်ကို အဝေးကွင်းရှုံးပွဲကြုံတွေ့ခဲ့တယ်။ အထူးသဖြင့် မြန်နှုန်းမြှင့်ပုံစံနဲ့ ၀ုန်းဒိုင်းကြဲကစားတဲ့အသင်းတွေဆိုရင် အာဆင်နယ် ခက်ခက်ခဲခဲ ရင်ဆိုင်ရလေ့ရှိတယ်။ အခု ၀က်ဖို့ဒ်ကလည်း ဒီအတိုင်းပါပဲ။ ၀က်ဖို့ဒ်အသင်းမှာ ဘာဖိအားမှ မရှိတာကြောင့် အာဆင်နယ်ကို လွတ်လွတ်လပ်လပ် ဖွင့်ကစားနိုင်မယ့် အနေအထားကြောင့် အာဆင်နယ် ပေါ့ဆလို့တော့ မရပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါနေတဲ့ ဒီလိုအချိန်မျိုးမှာ အာဆင်နယ် လူစုံထုတ်ကစားသွားမယ့်အနေအထားရှိတာကြောင့် နိုင်ပွဲရဖို့အခြေအနေကောင်းနေပေမယ့် လွယ်ကူတဲ့ပွဲတော့ ဖြစ်လာမှာ မဟုတ်လောက်ဘူး။ အဝေးကွင်းမှာ အာဆင်နယ် ခက်ခက်ခဲခဲကစားပြီးမှ (၂-၀) ဒါမှမဟုတ် (၂-၁)ဂိုးလောက်နဲ့ အနိုင်ရသွားဖို့များတယ်။

Photo:Gunners Town
Naing Linn(Akhayar)
www.akhayar.com