တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲတွေမှာတော့ ပွဲကြီးပွဲကေင်းအဖြစ် လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ အန်ဖီးလ်မှာ ရင်ဆိုင်ရမယ့်ပွဲစဉ်ပါဝင်နေပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်၊ ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေအတွက် စီးချင်းထိုးကြမှာဖြစ်လို့ အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။ နောက်တစ်ပွဲမှာတော့ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းဖို့ ကြိုးစားရမယ့် မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် နိုင်ပွဲရယူဖို့ အခြေအနေကောင်းနေပါပြီ . . .

ပဲလေ့စ် – မန်စီးတီး (တနင်္ဂနွေ ည ၇း၃၅)

တန်းဆင်းဇုန်ထဲက ကာဒစ်ဖ်နဲ့ (၁၁)မှတ်အထိကွာဟနေပြီဖြစ်လို့ ပဲလေ့စ်အတွက် ဖိအားတော့ သိပ်မရှိတော့ပါဘူး။ တစ်ပွဲနိုင်လိုက်၊ တစ်ပွဲရှုံးလိုက်နဲ့ သံသရာလည်နေတဲ့ ပဲလေ့စ်အသင်း အိမ်ကွင်းမှာ မန်စီးတီးကို တုံ့ပြန်ကစားဖို့ဆိုတာ ခက်ခဲပါတယ်။ ဖလား(၄)လုံးရဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီး လာမယ့်တစ်ပတ်ကျရင် ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်ပေမယ့် အသင်းရဲ့ လူစာရင်းအရ ပဲလေ့စ်ကို မှုစရာမလိုပါဘူး။ ပဲလေ့စ်ရဲ့ အိမ်ကွင်းရုန်းကန်အားကြောင့် မန်စီးတီး ခက်ခဲနိုင်ပေမယ့်လည်း အနိုင်ရလဒ်ကို ရယူသွားပါလိမ့်မယ်။ ပထမအကျော့ အိမ်ကွင်းရှုံးကြွေးကို ပြန်ဆပ်မယ့် မန်စီးတီးကိုပဲ ပိုကြိုက်ပြီး (၂-၀)၊ (၂-၁)ဂိုးတွေနဲ့ အနိုင်ရသွားမယ်လို့ထင်တယ်။

လီဗာပူးလ် – ချယ်လ်ဆီး (တနင်္ဂနွေ ည ၁၀း၀၀)

၂၀၁၃-၁၄ ရာသီတုန်းက ဆုံတွေ့ခဲ့တဲ့ပွဲကို အမှတ်ရစရာပါပဲ။ အဲဒီအချိန်မှာ လီဗာပူးလ်အသင်းက အခုလိုပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့အပြိုင် ကြိုးပမ်းနေတဲ့ကာလဖြစ်ပြီး ချယ်လ်ဆီးနဲ့ အန်ဖီးလ် ဆုံတွေ့ခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျရတ် Steven Gerrard ရဲ့ ချော်လဲမှုကြောင့် ဂိုးပေးခဲ့ရသလို အဲဒီပွဲရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်အသင်းရဲ ချန်ပီယံမျှော်လင့်ချက်က ထိခိုက်ပျက်စီးခဲ့ရတယ်။ လက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်းဟာ ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကံကြမ္မာကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ချန်ပီယံလိဂ်မှာလည်း အခြေအနေကောင်းနေတာကြောင့် ဒီပွဲကို အပြည့်အ၀အာရုံစိုက်လို့ ရတဲ့အနေအထားပါပဲ။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အမှားခံလို့ မရပါဘူး။ ချယ်လ်ဆီး ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် အနိုင်ရခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာ လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ နာဘီကီတာ Naby Keita ပြန်ပါလာတာကြောင့် တိုက်စစ်နဲ့ ကွင်းလယ်ချိတ်ဆက်မှု ပိုအားကောင်းသွားပြီး ရှေ့တန်းက တိုက်စစ်ကစားသမားတွေလည်း ကစားရချောင်သွားခဲ့တယ်။ အန်ဖီးလ်မှာ ရှုံးဖို့မရှိတဲ့ လီဗာပူးလ်ကို ရွေးချယ်ချင်ပြီး (၁-၁) ဒါမှမဟုတ် လီဗာပူးလ် (၂-၁) ချယ်လ်ဆီးဆိုတဲ့ ရလဒ်တွေကို ပိုကြိုက်မိတယ်။

Photo:We Ain’t Got No History
Naing Linn(Akhayar)
www.akhayar.com