ပရီးမီးယားလိဂ်ပွဲစဉ် (၃၁)တနင်္ဂနွေနေ့ပွဲအဖြစ် လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဖူလ်ဟမ်၊ အဲဗာတန်တို့နဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ဒီပွဲနိုင်ရင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တစ်ပွဲအပိုနဲ့ တက်လှမ်းနိုင်မှာဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ အနိုင်ရခဲ့ရင် အဆင့်(၄)နေရာက အာဆင်နယ်နဲ့ အမှတ်တူသွားမှာဖြစ်လို့ ဒီနှစ်သင်းရလဒ်ကောင်းတွေ ရယူနိုင်မလားဆိုတာကတော့ . .

ဖူလ်ဟမ် – လီဗာပူးလ် (တနင်္ဂနွေည ၈း၄၅)
ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ကြိုးစားရင်းကနေ ဖူလ်ဟမ် ရှုံးပွဲတွေ ဆက်နေပြီး မျှော်လင့်ချက်က မရှိသလောက်ဖြစ်သွားပါပြီ။ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်နေချိန်ဖြစ်လို့ ဒီလိုပွဲမျိုးမှာ အမှတ်ဆုံးရှုံးခံမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ လီဗာပူးလ်အသင်း ပွဲဆက်တွေ အရမ်းများနေလို့ အဓိက ကစားသမားတွေ ပွဲပန်းနိုင်တာကို ထည့်စဉ်းစားရမယ်။ လီဗာပူးလ်အနိုင်ရဖို့ ရှိပေမယ့် ဂိုးပြတ်ဖို့ မလွယ်ဘဲ (၁-၀)၊ (၂-၁)ဂိုးတွေနဲ့ အနိုင်ရသွားမယ်လို့ ထင်တယ်။

အဲဗာတန် – ချယ်လ်ဆီး (တနင်္ဂနွေ ည ၁၁း၀၀)
အမှတ်ပေးဇယား အဆင့်(၁၂)က အဲဗာတန်အသင်း အထက်မရောက်၊ အောက်မရောက်နဲ့ ဘာမျှော်လင့်ချက်မှလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ချယ်လ်ဆီးကို ဒုက္ခပေးဖို့ ကြိုးစားလိမ့်မယ်။ ချယ်လ်ဆီးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေတာကြောင့် ရလဒ်ကောင်းမှဖြစ်မယ့်အနေအထားပါ။ ပြီးခဲ့တဲ့တစ်ပတ်က ၀ုလ်ဗ်ကို အိမ်ကွင်းမှာ သရေကျခဲ့တဲ့အတွက် ချယ်လ်ဆီး နစ်နာခဲ့ပါတယ်။ ဒီပွဲမှာလည်း ချယ်လ်ဆီးတို့ မထင်မှတ်ဘဲ အမှတ်ဆုံးရှုံးသွားဖို့ရှိနေတယ်။ အဲဗာတန် သရေတစ်မှတ်တော့ ရယူနိုင်ဖို့ရှိနေပြီး (၀-၀)၊ (၁-၁)ရလဒ်တွေကို အကြိုက်တွေ့မိပါတယ်။

Photo:Sportingpedia
Naing Linn(Akhayar)
www.akhayar.com