၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီကတော့ ပြီးဆုံးဖို့ တဖြည်းဖြည်းနဲ့ နီးစပ်လာပါပြီ။ လက်ရှိအချိန်ဟာ ဘောလုံးရာသီရဲ့ အရှိန်အမြင့်ဆုံးအချိန်ဖြစ်ပြီး အသင်းတိုင်းဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ ရှေ့ဆက်နေကြပါတယ်။ ဘောလုံးရာသီပြီးဆုံးခါနီးမှာ အမြဲတမ်းလိုလိုကြားနေရတာကတော့ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် နာမည်ကျော်ကစားသမားတွေရဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီကုန်မှာလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ကစားသမားတွေရှိနေတာကြောင့် အခု Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Mata

မန်ယူကွင်းလယ်တိုက်စစ်ကစားသမား မာတာ Mata ကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေသူပါ။ လက်ရှိအနေအထားတွေအရလည်း မန်ယူအသင်းကနေထွက်ခွာဖို့ ရာခိုင်နှုန်းများနေသူပဲဖြစ်ပါတယ်။ မာတာ အသင်းအတွက် နေရာလွတ်တွေရှာဖွေပေးနိုင်သလို ရာသီတိုင်းလိုလို သွင်းဂိုးတွေသွင်းယူနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် ဒီရာသီမှာတော့ သူ့ရဲ့ခြေစွမ်းနဲ့ ကြံခိုင်မှုက အကျပိုင်းကို ရောက်နေပါတယ်။ မာတာ အနေနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကိုပဲ ပြောင်းမလား။ စပိန်မြေကိုပဲ ပြန်မလားဆိုတာကိုတော့ စောင့်ကြည့်သွားကြရမှာပါ။

Herrera

ဟာရဲရား Herrera ကတော့ မန်ယူပရိသတ်တွေ အကြိုက်ကစားသမား တစ်ဦးဖြစ်ပေမယ့် လစာငွေကိစ္စတွေကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေသူပါ။ လက်ရှိမှာလည်း PSG အသင်းနဲ့ ဟာရဲရား ဟာ အကြိုသဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်နေပါတယ်။ ဟာရဲရား ရဲ့ အနာဂတ်က မန်ယူအသင်းမှာ ဆက်ရှိနေဖို့ ရာခိုင်နှုန်းနည်းနေပြီလို့ပဲ ပြောရပါလိမ့်မယ်။

Welbeck

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ် Welbeck ဟာလည်း ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာလည်း ၀ဲလ်ဘတ် ဟာ အာဆင်နယ်အသင်းရဲ့ အရန်တိုက်စစ်မှူးအဖြစ်သာရှိနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်လိုချင်ရင်တော့ သူ့အနေနဲ့ အသင်းပြောင်းဖို့လိုအပ်ပါတယ်။ ရာသီကုန်မှာတော့ ၀ဲလ်ဘတ် ရဲ့ အနာဂတ်ဘယ်ကိုရောက်ရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Milner

မီလ်နာ Milner ကတော့ ရာသီတိုင်းလိုလို လီဗာပူးလ်အသင်းအတွက် ပုံမှန်ခြေစွမ်းတွေကို ပြသထားသူဖြစ်ပြီး ဒီရာသီမှာလည်း အတိုင်းအတာတစ်ခုထိ ခြေစွမ်းကောင်းတွေကို ပြသထားပါတယ်။ လက်ရှိမှာတော့ စာချုပ်သက်တမ်းတိုးဖို့ သွေးအေးနေကြပေမယ့် စိတ်ပူစရာမရှိတဲ့ အနေအထားမျိုးကြောင့် ငြိမ်သက်နေကြတာလည်း ဖြစ်နိုင်ပါတယ်။ ရာသီကုန်လောက်မှာတော့ မီလ်နာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်သစ်သတင်းကို မြင်တွေရဖို့များပါတယ်။

အခု ပရိသတ်တွေကို ဖော်ပြပေးခဲ့တာကတော့ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်များ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Sportskeeda
Photo: Pain in the Arsenal , Evening Standard , Sky Sports
Ko Kyue(Akhayar)
www.akhayar.com