ကမ္ဘာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂၀၁၉-၂၀ ရာသီသစ်က လာမယ့်သြဂုတ်လကျရင် စတင်တော့မှာဖြစ်ပါတယ်။ လာမယ့်ရာသီသစ်ကျရင် အပြောင်းအလဲတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး လက်ရှိဘောလုံးလောကမှာ အသုံးပြုနေတဲ့ ရုပ်သံအကူဒိုင်စနစ် (VAR)ကို စတင်အသုံးပြုမှာဖြစ်သလို ဖေဖော်ဝါရီလမှာလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ရာသီဝက်အနားပေးတဲ့ စနစ်ကို ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ အခု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အသင်းနှစ်သင်း ရမှတ်တူနေရင် အဲဒီနှစ်သင်းရဲ့ Head To Head ကို ကြည့်ပြီး အဆင့်ရပ်တည်မှု သတ်မှတ်သွားမယ့် စည်းမျဉ်းသစ်ကို ပြဌာန်းလိုက်ပါပြီ။ ပြီးခဲ့တဲ့ရာသီအထိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းနှစ်သင်း ရမှတ်တူနေရင် ဂိုးကွာခြားချက်၊ သွင်းဂိုးတွေအရ အဆင့်ရပ်တည်မှုကို သတ်မှတ်ထားတာဖြစ်ပြီး အဲဒီအချက်တွေ အားလုံးတူညီနေရင်တော့ Play Off ကစားဖို့ စည်းမျဉ်းသတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါက ပရီးမီးယားလိဂ်ချန်ပီယံဆု၊ ဥရောပပြိုင်ပွဲဝင်ခွင့်၊ တန်းဆင်းဇုန်တိုက်ပွဲတွေမှာ တစ်သင်းနဲ့တစ်သင်း ရမှတ်တူနေရင် အဆုံးအဖြတ်ပေးဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းဖြစ်ပြီး ၂၀၁၁-၁၂ ရာသီတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးနဲ့ ဒုတိယနေရာက မန်ယူအသင်းတို့ဟာ (၈၉)မှတ်စီ တူညီခဲ့ပေမယ့် မန်စီးတီးအသင်းက ဂိုးကွာခြားချက်မှာ အသာရခဲ့တာကြောင့် ချန်ပီယံဖြစ်ခဲ့တာကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ လာမယ့်ရာသီမှာတော့ အဲဒီလိုအနေအထားမျိုးဖြစ်လာခဲ့ရင် နှစ်သင်းရဲ့ အိမ်ကွင်း၊ အဝေးကွင်းထိပ်တိုက်တွေ့ဆုံမှု ရလဒ်ကို ကြည့်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ “ချန်ပီယံဆု ဒါမှမဟုတ် ဥရောပပြိုင်ပွဲဝင်ခွင့်၊ တန်းဆင်းဇုန်အတွက် အဆုံးအဖြတ်ခံရမယ်ဆိုရင် အဲဒီအသင်းတွေရဲ့ Head To Head ကိုကြည့်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ တကယ်လို့ ကလပ်အသင်းနှစ်သင်းနဲ့အထက်ဟာ ရမှတ်၊ သွင်းဂိုး၊ ဂိုးကွာခြားချက်တွေမှာ တူညီနေရင် အဲဒီအသင်းတွေရဲ့ Head To Head ကို ကြည့်ပြီး ဘယ်အသင်းက အဆင့်ရပ်တည်မှု ပိုကောင်းမလဲဆိုတာ သတ်မှတ်သွားမှာပါ။ Head To Head မှာလည်း တူညီနေမယ်ဆိုရင်တော့ အဝေးကွင်းမှာ ဂိုးပိုသွင်းတဲ့အသင်းက အဆင့်ရပ်တည်မှု ပိုမြင့်မှာဖြစ်ပါတယ်။ ဒီအချက်တွေ အားလုံးနဲ့မှ အဖြေမပေါ်ရင်တော့ ကြားကွင်းမှာ Play Off ပွဲအဖြစ် ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်”လို့ ဖော်ပြပါရှိခဲ့ပါတယ်။

REF:Premier League
Photo:Premier League Facebook
Naing Linn(Akhayar)
www.akhayar.com