ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေရလဒ်ကောင်းခဲ့ကြပါတယ်။

ချယ်လ်ဆီး ၃ – ၀ ဘရိုက်တန်

ချယ်လ်ဆီးအသင်းကတော့ ဒီပွဲမှာ အပြောင်းအလဲတချို့ကို လုပ်လာခဲ့ပြီး ဂျရူး Giroud ၊ အိုဒွိုင်းလ် Hudson-Odoi နဲ့  လောဖ့်တပ်ချိခ် Loftus-Cheek တို့ပွဲထွက်ပါဝင်လာခဲ့ကြပါတယ်။ ဒီပွဲမှာတော့ ဒီကစားသမား(၃)ဦးလုံးဟာ အစွမ်းပြနိုင်ခဲ့ကြသလို ချယ်လ်ဆီးအသင်းက ဘရိုက်တန်ကို ပွဲအစကတည်း ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်(၃၈)မိနစ်မှာတော့ ချယ်လ်ဆီးအသင်း ဦးဆောင်ဂိုးစရခဲ့ပြီး အိုဒွိုင်းလ်ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂျရူး ကပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ ပုံစံကောင်းပြနိုင်ခဲ့တာကြောင့် ဒီအနေအထားကိုဆက်ထိန်းထားဖို့လိုသလို ပွဲချိန်မိနစ်(၆၀)မှာတော့ ဟာဇက် Hazard က အသင်းအတွက် ဒုတိယဂိုးကို လှလှပပကန်သွင်းယူခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် တတိယဂိုးကိုတော့ ပွဲချိန်(၆၃)မိနစ်မှာ လောဖ့်တပ်ချိခ် က အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီး ၂ – ၀ ကာဒစ်ဖ်

မန်စီးတီးအသင်းကတော့ အခက်အခဲမရှိ လိုအပ်နေတဲ့ နိုင်ပွဲကို ရရှိခဲ့တာပါ။ ပွဲအစကတည်းက ကာဒစ်ဖ်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန်(၆)မိနစ်မှာပဲ ဒီဘရိုင်းနား De Bruyne က မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲမှာ အခွင့်အရေးများစွာရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းချက်တွေများခဲ့တာကြောင့် သွင်းဂိုးများများမရခဲ့တာပါ။ မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန်(၄၄)မိနစ်မှာ ဆာနေး Sane က ပြင်းထန်အားပါတဲ့ ဘယ်ခြေကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်များ

Chelsea 3 – 0 Brighton
Tottenham Hotspur 2 – 0 Crystal Palace
Manchester City 2 – 0 Cardiff City

Photo: Chelsea Twitter , Man City Twitter
Ko Kyue(Akhayar)
www.akhayar.com