သြဂုတ်လရဲ့ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆု အတွက် ဆန်ခါတင်(၆)ဦး စာရင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ မန်စီးတီးအသင်း က ကစားသမား (၃)ဦးထိပါဝင်လာခဲ့ပြီး ဒီကစားသမားတွေက အဂွဲရိုး Agüero ၊ ဒီဘရိုင်းနား De Bruyne နဲ့ စတာလင် Sterling တို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ ကစားသမား(၃)ဦးကတော့ ဘန်လေတိုက်စစ်မှူး ဘန်းစ် Barnes ၊ နောဝှစ်တိုက်စစ်မှူး ပူကီ Pukki နဲ့ လီဗာပူးလ်တိုက်စစ်မှူး ဖေမီနို Firmino တို့ပဲဖြစ်ပါတယ်။ ဒီကစားသမား(၆)ဦးလုံးဟာ ပြီးခဲ့တဲ့သြဂုတ်လထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ကြသူတွေ ဖြစ်တာကြောင့် ဒီစာရင်းမှာထိုက်ထိုက်တန်တန်ပါဝင်လာကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး ဟာ သွင်းဂိုး(၆)ဂိုး ၊ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ကွင်းလယ်လူ ဒီဘရိုင်းနား ကတော့ သွင်းဂိုး(၁)ဂိုး ၊ ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်နိုင်ခဲ့သလို တောင်ပံတိုက်စစ်ကစားသမား စတာလင် ကတော့ သွင်းဂိုး(၅)ဂိုးသွင်းယူထားပါတယ်။ ဘန်လေတိုက်စစ်မှူး ဘန်းစ် ဟာ သွင်းဂိုး(၄)ဂိုး ၊ နောဝှစ်တိုက်စစ်မှူး ပူကီ က သွင်းဂိုး(၅)ဂိုး ၊ ဖန်တီးမှု (၂)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး လီဗာပူးလ်တိုက်စစ်မှူး ဖေမီနို က သွင်းဂိုး (၂)ဂိုး ၊ ဖန်တီးမှု (၂)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီကစားသမားတွေထဲမှာ အဂွဲရိုးနဲ့ စတာလင် တို့ကသာ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိဖူးထားကြတာကြောင့် ဒီတစ်ကြိမ်မှာ ဘယ်ကစားသမားရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Ref: Bleacher Report Football
Photo: Premier League , Futaa
Ko Kyue(Akhayar)
www.akhayar.com