မန်ယူအသင်းရဲ့ ရှုံးပွဲအတွက် ဘာကိုမှ အပြစ်တင်စရာမရှိပါဘူး။ ပွဲမတိုင်ခင်ကတည်းက မန်ယူအတွက် အမြင့်ဆုံးမျှော်လင့်ချက်က သရေသာဖြစ်တယ်လို့ထင်ခဲ့ကြပေမယ့် မန်ယူအသင်း သရေတောင် မရခဲ့ဘဲ ထိုက်ထိုက်တန်တန်ကို အရှုံးပေးခဲ့ရတယ်။ မန်ယူနဲ့ မန်စီးတီးတို့ကြားမှာ အဆင့်အတန်းတစ်ခု ကွာဟသွားပြီဆိုတာ ဒီပွဲက သက်သေပါပဲ။ မန်ယူအသင်းနေရာမှာ ၀ုလ်ဗ်သာဆိုရင် မန်စီးတီး ဒီလောက်တောင် လွယ်ကူပါ့မလားလို့တောင် ထင်မိပါတယ်။ ဒီပွဲမှာ ဆိုးလ်ရှား Solskjær က (၅-၃-၂)ပုံစံနဲ့ပွဲထွက်ခဲ့ပေမယ့် ပွဲချိန်အတွင်းမှာ (၄-၄-၂)ပုံစံပြောင်းလဲကစားခဲ့တယ်။ ပွဲအစပိုင်းမှာ မန်ယူအသင်း ဖိအားပေးကစားနိုင်ခဲ့ပြီး မန်စီးတီးကတော့ ပွဲကို ထိန်းချုပ်ဖို့ပဲ အဓိကထားခဲ့တယ်။ မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟို Fernandinho ကို ချီးကျူးရမှာဖြစ်ပြီး သူ့ရဲ့ဖျက်အားသာမကောင်းခဲ့ရင် မန်ယူ ဂိုးရနိုင်တဲ့အနေအထားပါပဲ။

ဒါပေမဲ့ မန်စီးတီး တိုက်စစ်ပြန်တင်လာတဲ့အချိန်မှာ မန်ယူအသည်းအသန် ကာကွယ်ခဲ့ရတယ်။ မန်ယူကွင်းလယ်လူတွေဖြစ်တဲ့ ဖရက်ဒ် Fred ၊ ပါရဲရား Andreas Pereira တို့ ပထမပိုင်းမှာ လိုက်အား၊ ဖျက်အားကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ထုံးစံအတိုင်း စိတ်ပျက်စရာခြေစွမ်းကို ပြသခဲ့ပါတယ်။ ဆိုးလ်ရှားကို အပြစ်တင်ရမှာက အဖွင့်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ လူစားလဲမှုလုပ်သင့်ပေမယ့် အချိန်နှောင်းတော့မှ ကစားသမားအပြောင်းအလဲလုပ်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ဖာနန်ဒင်ဟို ဒဏ်ရာရသွားလို့ ဂွါဒီယိုလာ Guardiola ဟာ ဆာနေး Sané ကိုထည့်ပြီး တိုက်စစ်မြှင့်ချိန်မှာတော့ မန်စီးတီး ဂိုးတွေက အလွယ်တကူရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို (၅၄)မိနစ်မှာ ဘာနာဒိုဆေးလ်ဗား Bernardo Silva က သွင်းယူခဲ့ပြီး ဒီဂိုးက မန်ယူနောက်ခံလူ လုခ်ရှော Luke Shaw ဘာနာဒိုဆေးလ်ဗားကို Tight Marking မလုပ်ဘဲ ကန်ခွင့်ပေးလိုက်တာကြောင့် ပေးလိုက်ရတာပါ။ နောက်တစ်ဂိုးကတော့ ဖိအားတွေများနေတဲ့ ဒီဂီယာ David de Gea ရဲ့ အမှားကြောင့်ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဆာနေးက သူပိတ်ထားတဲ့ Angle ထဲကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မန်ယူကစားသမားတွေ စိတ်ဓာတ်ရော၊ ခြေစွမ်းပါ ပျက်သွားခဲ့ပြီး ပွဲက စိတ်ဝင်စားစရာမကောင်းတော့ပါဘူး။ ဆိုးလ်ရှားက ဆန်းချက်ဇ် Sánchez ၊ လူကာကူ Lukaku ၊ မာစီယဲလ် Martial တို့ကို ထည့်ပြီးအပြောင်းအလဲလုပ်ခဲ့ပေမယ့်လည်း ဘာမှ မထူးခြားတော့ဘဲ အိမ်ကွင်းမှာပဲ မန်စီးတီးကို အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲအနိုင်ရခဲ့လို့ မန်စီးတီးအသင်းဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်ယူကို (၇)ပွဲအထိ အနိုင်ရခဲ့ပြီး တခြားအသင်းတွေထက် နိုင်ပွဲရယူနိုင်ခဲ့သလို ဂွါဒီယိုလာကလည်း အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပရီးမီးယားလိဂ်(၃)ပွဲဆက် အနိုင်ယူခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ တခြားပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ၀ုလ်ဗ်ကို အဝေးကွင်းမှာ (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကတော့ တဖြည်းဖြည်း မှေးမှိန်လာပြီဖြစ်ပါတယ်။

Wolverhampton 3 – 1 Arsenal
Manchester United 0 – 2 Manchester City

Photo:Premier League Facebook
Naing Linn(Akhayar)
www.akhayar.com