ဒီနေ့ (မြန်မာစံတော်ချိန် ကြာသပတေး မနက် ၁း၃၀)မှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် မန်ယူ နဲ့ မန်စီးတီး တို့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အမှားမခံတော့တဲ့မန်ယူနဲ့ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းဖို့ ကြိုးစားမယ့် မန်စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီမှာ ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ တခြားပွဲမှာတော့ မန်ယူ၊ ချယ်လ်ဆီး၊ စပါးတို့နဲ့အပြိုင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေတဲ့ အာဆင်နယ်အသင်းဟာ အိမ်ကွင်းခြေစွမ်းမာတဲ့ ၀ုလ်ဗ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ခက်ခဲမယ့်အနေအထားလို့ ပြောရမယ် . .

ဝုလ်ဗ် – အာဆင်နယ် (ကြာသပတေး မနက် ၁း၁၅)

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရေးပါတဲ့အချိန်မှာ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တာက အာဆင်နယ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ပါပဲ။ အဲဒီပွဲမှာသာ အနိုင်ရခဲ့ရင် ကျန်တဲ့အသင်းတွေကို အမှတ်ဖြတ်နိုင်ပါပြီ။ ခံစစ်အမှားတွေကြောင့် ပေးဆပ်မှုကြီးမားခဲ့တဲ့ အာဆင်နယ် အခု ၀ုလ်ဗ်နဲ့ပွဲမှာလည်း ရုန်းကန်ရဦးမှာပါ။ အိမ်ကွင်းမှာ မန်စီးတီးကို သရေ၊ ချယ်လ်ဆီးနဲ့ မန်ယူတို့ကို အနိုင်ကစားခဲ့တဲ့ ၀ုလ်ဗ်အသင်းဟာ Team Work ကောင်းတဲ့အသင်းဖြစ်သလို ဒီယေဂိုဂျိုတာ Diogo Jota ၊ နီးဗတ်စ် Rúben Neves ၊ မော်တင်ဟို João Moutinho စတဲ့ ပေါ်တူဂီအစုအဖွဲ့က အသင်းကြီးတွေကို ကောင်းကောင်းခံကစားနိုင်စွမ်းရှိပါတယ်။ တစ်ခုရှိတာက ၀ုလ်ဗ်အသင်း FA ဖလားဆီမီးဖိုင်နယ်က ထွက်ခဲ့ရပြီး ဘာမျှော်လင့်ချက်မှ မရှိတော့တာပါပဲ။ ၀ုလ်ဗ်ကွင်းမှာ အာဆင်နယ် ခက်ခက်ခဲခဲကစားရဖို့ရှိနေသလို မထင်မှတ်ဘဲ သရေကျသွားနိုင်ပြီး (၁-၁) ဒါမှမဟုတ် အာဆင်နယ်နိုင်ရင်တောင် (၂-၁)ဂိုးလောက်နဲ့ပဲ နိုင်မယ်လို့ထင်တယ်။

မန်ယူ – မန်စီးတီး (ကြာသပတေး မနက် ၁း၃၀)

အစစအရာရာ အနုတ်ပြနေတဲ့အသင်းနဲ့ ဖလား(၃)လုံးချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့အသင်းတို့ ထိပ်တိုက်တွေ့တဲ့ပွဲလို့ပဲ ပြောရမှာပါ။ မန်ယူအသင်းရဲ့ အနေအထားက ဘယ်လိုမှထင်မထားလောက်အောင် ဆိုးရွားနေပြီး ကွင်းတွင်း၊ ကွင်းပြင်မှာ ၀ါးအစည်းပြေသလိုဖြစ်နေတယ်။ ဆိုးလ်ရှား Ole Gunnar Solskjaer လည်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ပြီးမှ ရလဒ်တွေတောက်လျှောက်ဆိုးနေလို့ ဖိအားဒဏ်နဲ့ ရင်ဆိုင်နေရပြီ။ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီဖြစ်တာကြောင့် လက်ကျန်ဖလား(၂)ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ FA ဖလားတို့ကို အာရုံစိုက်တော့မှာပါ။ အိမ်ကွင်းဖြစ်ပေမယ့် မန်ယူ အသာရဖို့ မဖြစ်နိုင်ဘူးလို့ ထင်မိတယ်။ အခုနောက်ပိုင်းတွေ့ဆုံမှုတွေအရ မန်စီးတီးအသင်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပိုရလဒ်ကောင်းသလိုဖြစ်နေပြီး ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့တယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းနှိုင်းယှဉ်ရင် မန်စီးတီးက ခေါင်းတစ်လုံးသာနေပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူအတွက် သရေတစ်မှတ်သာ မျှော်လင့်ခွင့်ရှိနေပြီး (၁-၁)၊ မန်ယူ (၁-၂) မန်စီးတီးဆိုတဲ့ ရလဒ်တွေကို ပိုကြိုက်မိတယ်။

Photo:Daily Advent Nigeria
Naing Linn(Akhayar)
www.akhayar.com