ပရီးမီးယားလိဂ်ပွဲစဉ်(၃) တနင်္ဂနွေနေ့ပွဲတွေမှာတော့ ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊ စပါးတို့ ကစားမယ့်ပွဲစဉ်တွေပါဝင်နေပြီး ပြီးခဲ့တဲ့တစ်ပတ်က ဒီနှစ်သင်းဆုံတွေ့မှုမှာ သရေနဲ့ အဆုံးသတ်ခဲ့တာကြောင့် အခုပွဲစဉ်မှာ နိုင်ပွဲပြန်ရှာရတော့မှာပါ။ မန်စီးတီးအသင်းက ဘုန်းမောက်နဲ့ အဝေးကွင်း၊ စပါးအသင်းက အိမ်ကွင်းမှာ နယူးကာဆယ်ကို လက်ခံကစားရမှာဖြစ်လို့ ရလဒ်ကောင်းဖို့ အခြေအနေကောင်းနေပါပြီ။

ဘုန်းမောက် – မန်စီးတီး (တနင်္ဂနွေ ည ၇း၃၀နာရီ)

ပြီးခဲ့တဲ့ရာသီတုန်းက ဘုန်းမောက်ကွင်းမှာ ခက်ခက်ခဲခဲကစားပြီးမှ မန်စီးတီး (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ မန်စီးတီးအသင်း ပွဲစဉ်(၂)မှာ စပါးနဲ့ သရေကျခဲ့တယ်ဆိုပေမယ့် တစ်ပွဲလုံး အသာစီးက ကစားခဲ့ပြီး ဂိုးသွင်းခွင့် အကြိမ်ကြိမ်ရခဲ့သလို အနိုင်ဂိုးကလည်း VAR ကြောင့် ပယ်ဖျက်ခံရလို့ အမှတ်ဆုံးရှုံးခဲ့တာပါ။ ဘုန်းမောက်အသင်း ဒီရာသီအစမှာ ရလဒ်ကောင်းနေပြီး (၁)ပွဲသရေ၊ (၁)ပွဲနိုင်ကစားထားလို့ အဆင့်(၈)နေရာမှာ ရပ်တည်နေပါတယ်။ အိမ်ကွင်းခြေစွမ်းမာကျောပြီး Team Work ကောင်းတဲ့အသင်းပါပဲ။ ဒါပေမဲ့ အခုလောလောဆယ် လီဗာပူးလ်နဲ့ (၅)မှတ်ကွာနေတာကြောင့် မန်စီးတီး အမှားထပ်လုပ်မှာ မဟုတ်တော့ပါဘူး။ ဘုန်းမောက်ရဲ့ ခံကန်အားကြောင့် မန်စီးတီး ခက်ခဲနိုင်ပေမယ့် (၃)မှတ်အပြည့် ရယူသွားမှာဖြစ်ပြီး (၂-၀)ဂိုးလောက်နဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်။

စပါး – နယူးကာဆယ် (တနင်္ဂနွေ ည ၁၀း၀၀နာရီ)

ပွဲပယ်ခံထားရတဲ့ ဆွန်ဟောင်မင် Son Heung-Min ဒီပွဲမှာ ပြန်ပါလာမှာဖြစ်လို့ စပါးအသင်း တိုက်စစ်ကစားပုံ ပိုကောင်းလာဖို့ရှိတယ်။ ဒီရာသီ(၂)ပွဲကစားပြီးချိန်မှာ စပါးအသင်းရဲ့ ခြေစွမ်းက သိပ်အားရစရာ မရှိသေးပါဘူး။ ကစားသမားသစ်တွေကို ပေါင်သန်း(၁၀၀)လောက် သုံးပြီး အားဖြည့်ထားပေမယ့် သိသိသာသာ အပြောင်းအလဲ မရှိသေးတာက အံ့အားသင့်စရာပါပဲ။ ဒါပေမဲ့ အခွင့်အရေးတစ်ကြိမ်ရရင် တစ်ကြိမ် ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားတွေကြောင့် စပါးအသင်း အခုထိ အခြေအနေကောင်နေတာပါ။ နယူးကာဆယ်အသင်းကတော့ နည်းပြအပြောင်းအလဲကြားမှာ ရုန်းကန်နေရပြီး ကစားသမားသစ်တွေကလည်း သိပ်အားကိုးလို့ မရသေးဘူး။ (၂)ပွဲကစားပြီးချိန်မှာ ပွဲတိုင်းရှုံးခဲ့လို့ အမှတ်လည်း မရသေးပါဘူး။ အခုပွဲမှာလည်း အိမ်ရှင်ဆီကနေ အမှတ်ခွဲယူဖို့ မဖြစ်နိုင်သေးဘူးလို့ ထင်ပါတယ်။ အိမ်ကွင်းမှာ အနိုင်ပြန်ရှာမယ့် စပါးအသင်းကို ရွေးချယ်ချင်ပြီး (၂-၁)ဂိုးလောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com