ပရီးမီးယားလိဂ်ပွဲစဉ် (၃) စနေနေ့ပွဲတွေမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ဆုံတွေ့မယ့်ပွဲပါဝင်နေပါတယ်။ နှစ်သင်းစလုံးက ရာသီအဖွင့်(၂)ပွဲဆက် အနိုင်ရခဲ့တာကြောင့် အခုပွဲအနိုင်ရတဲ့အသင်းဟာ အမှတ်ပေးဇယားကို အမှတ်ဖြတ်ဦးဆောင်နိုင်မှာဖြစ်လို့ အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။ ပြီးခဲ့တဲ့တစ်ပတ်က နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူအသင်း အခုတစ်ပတ်မှာ ပဲလေ့စ်ကို အိမ်ကွင်းလက်ခံကစားရမှာဖြစ်လို့ နိုင်ပွဲပြန်ရဖို့ အခြေအနေကောင်းနေပါပြီ။

မန်ယူ – ပဲလေ့စ် (စနေ ည ၈း၃၀ နာရီ)

ရာသီအဖွင့်မှာ ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ၀ုလ်ဗ်ကို မန်ယူ သရေကျခဲ့တယ်။ ခံစစ်ပိုင်းမှာ တိုးတက်လာပေမယ့် ကွင်းလယ်နဲ့တိုက်စစ်ကတော့ အရင်ပုံစံအတိုင်း သိပ်ထူးခြားမှု မရှိသေးဘူး။ အထူးသဖြင့် မန်ယူအသင်းရဲ့ Solo Attacking တွေက အားရစရာ မရှိဘဲ ကွင်းလယ်မှာလည်း ပေါ့ဘာ Pogba တစ်ယောက်တည်းကလွဲပြီး ကျန်တဲ့ကစားသမားတွေက လောက်လောက်လားလား အားကိုးလို့ မရသေးပါဘူး။ ဒါပေမဲ့ ပဲလေ့စ်အသင်းက အဝေးကွင်းဆို ရုန်းကန်ရတဲ့အပြင် နှစ်ပွဲကစားပြီးချိန်မှာ နိုင်ပွဲပျောက်နေတဲ့အသင်းပါ။ မန်ယူအသင်းမှာ အားနည်းချက်တွေ ရှိပေမယ့် ပဲလေ့စ်ကို အနိုင်ရဖို့တော့ လုံလောက်မှုရှိပြီး (၂-၀)၊ (၂-၁)ဂိုးလောက်နဲ့ အနိုင်ယူသွားဖို့ ရှိပါတယ်။

လီဗာပူးလ် – အာဆင်နယ် (စနေည ၁၁း၀၀ နာရီ)

နှစ်သင်းစလုံးက ဒီရာသီမှာ နိုင်ပွဲကိုယ်စီ ရယူထားပြီး (၂)ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယား အဆင့်(၁၊၂)နေရာကို သိမ်းပိုက်ထားကြတယ်။ လီဗာပူးလ်အသင်းကတော့ ပွဲဆက်များနေတဲ့အပြင် ပွဲကျပ်တွေနဲ့ ဆက်တိုက် ကစားနေရတာပါ။ နည်းပြယာဂန်ကလော့ပ် Jurgen Klopp ဟာ ပွဲဆက်များနေလို့ ကစားသမား အပြောင်းအလဲတွေ လုပ်ပေမယ့် First Line Up (၁၁)ဦးနေရာကို အစားဝင်နိုင်မယ့် အရန်စာရင်း မရှိလို့ တချို့ပွဲတွေမှာ လီဗာပူးလ် ရုန်းကန်ခဲ့ရတယ်။ အာဆင်နယ်ကတော့ ဒီနွေရာသီမှာ ခေါ်ထားတဲ့ ကစားသမားသစ်တွေဟာ အသင်းနဲ့ လျင်လျင်မြန်မြန်အထိုင်ကျခဲ့တာကြောင့် ကျေနပ်စရာလို့ ပြောရမယ်။ စီဘယ်ယို့စ် Dani Ceballos က ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ ခြေစွမ်းပြခဲ့သလို ပီပီ Pépé ကတော့ လိုအပ်ချက်တွေရှိနေပေမယ့် လက်ခံနိုင်လောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တယ်။ ဒါပေမဲ့ အန်ဖီးလ်ကွင်းမှာတော့ အာဆင်နယ် မလွယ်လောက်ပါဘူး။ အန်ဖီးလ်မှာ ၂၀၁၂-၁၃ ရာသီတုန်းက အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ်(၆)ပွဲဆက် အာဆင်နယ် အသာမရတော့ဘဲ (၂)ပွဲသရေ၊ (၄)ပွဲရှုံးခဲ့တယ်။ နောက်ပြီး MSF တိုက်စစ်အတွဲကလည်း အိမ်ကွင်းမှာ အာဆင်နယ်နဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတယ်။ Rhythm မှန်နေတဲ့ လီဗာပူးလ်အသင်းကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး (၂-၁)ဂိုးလောက်နဲ့ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။

Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com