ပရီးမီးယားလိဂ်ပွဲစဉ်(၂) စနေနေ့ပွဲစဉ်တွေမှာတော့ အီတီဟတ်မှာ ကစားမယ့် မန်စီးတီးနဲ့ စပါးအသင်းတို့ရဲ့ ပွဲကြီးပွဲကောင်းပါဝင်နေပါတယ်။ ရာသီအဖွင့်ပွဲတွေမှာ နိုင်ပွဲကိုယ်စီရယူခဲ့တဲ့ နှစ်သင်းဖြစ်ပြီး ကစားသမားသစ် အားဖြည့်မှုတွေ လုပ်ထားတာကြောင့် ပွဲကအကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။ စနေနေ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးလ်အသင်းတို့ဟာ ဘန်လေ၊ ဆောက်သမ်တန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရလဒ်ကောင်းဖို့ များနေပါပြီ။

အာဆင်နယ် – ဘန်လေ (စနေ ညနေ ၆း၀၀နာရီ)

ရာသီအဖွင့်တုန်းက အာဆင်နယ်အသင်းဟာ နယူးကာဆယ်ကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သလို ခြေစွမ်းမှာလည်း အားနည်းချက်တွေရှိခဲ့တယ်။ အခုပွဲမှာ အူနိုင်းအမ်မရီ Unai Emery ဟာ လူငယ်တွေကိုပဲ ဆက်သုံးမယ်ဆိုရင် ကစားကွက်တည်ငြိမ်မှာ မဟုတ်လောက်ဘူး။ ကစားသမားသစ်တွေဖြစ်တဲ့ ပီပီ Nicolas Pépé ၊ ဒေးဗစ်လူးဝစ်ဇ် David Luiz တို့ကို ပွဲထွက်စာရင်းမှာ အသုံးပြုမယ်ဆိုရင်တော့ အာဆင်နယ်ကစားပုံ ပိုကောင်းလာဖို့ ရှိပါတယ်။ ဘန်လေက အိမ်ကွင်းအဖွင့်ပွဲမှာ ဆောက်သမ်တန်ကို (၃)ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် အဝေးကွင်းမှာတော့ ခြေစွမ်းက အားရစရာ မရှိပါဘူး။ အာဆင်နယ်အနိုင်သေချာပြီး (၂)ဂိုးပြတ်လောက်နဲ့ အနိုင်ရဖို့ များပါတယ်။

ဆောက်သမ်တန် – လီဗာပူးလ် (စနေ ည ၈း၃၀နာရီ)

လီဗာပူးလ်အသင်း ပွဲတွေဆက်တိုက် ကစားရနေတာကြောင့် ပွဲပန်းနိုင်တာကို ထည့်တွက်ရမယ်။ ယာဂန်ကလော့ပ် Jurgen Klopp အနေနဲ့လည်း ပွဲဆက်တွေများနေလို့ ကစားသမားတွေကို အလှည့်ကျ အသုံးပြုနေတာကြောင့် လီဗာပူးလ်ခြေစွမ်းက ခန့်မှန်းရခက်နေပါတယ်။ ဆောက်သမ်တန်အသင်းက အိမ်ကွင်းမှာ အသင်းကြီးတွေကို မထင်မှတ်ဘဲ ဒုက္ခပေးတတ်တာကြောင့် လီဗာပူးလ် သတိထားကစားရမှာပါ။ ဒါပေမဲ့ အဆင့်အတန်းချင်း ကွာတာကြောင့် ဆောက်သမ်တန်ကို လီဗာပူးလ် မနိုင်စရာတော့ မရှိပါဘူး။ လီဗာပူးလ် (၂-၁)၊ (၂-၀)ဂိုးတွေနဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်။

မန်စီးတီး – စပါး (စနေ ည ၁၁း၀၀နာရီ)

အိမ်ကွင်းခြေမာတဲ့ ၀က်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူပြီး မန်စီးတီးဟာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အသင့်ရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ်။ အသစ်ခေါ်ထားတဲ့ ရိုဒရီဂို Rodrigo ကလည်း အချိန်တိုအတွင်းမှာပဲ အသင်းနဲ့ အသားကျသွားတဲ့အတွက် မန်စီးတီးကွင်းလယ်က အရင်ကထက် ပိုတောင့်တင်းသွားပါပြီ။ တိုက်စစ်မှာ ဆာနေး Sane ဒဏ်ရာကြောင့် အနားယူရမှာဖြစ်ပေမယ့် တခြားထိပ်တန်း ကစားသမားတွေရှိနေလို့ ပြဿနာ မရှိပါဘူး။ စပါးအသင်းတော့ ဒီနွေရာသီမှာ ထူးထူးခြားခြား ကစားသမားသစ်တွေကို ပေါင်သန်း(၁၀၀)နီးပါး အသုံးပြုခေါ်ယူ အားဖြည့်ထားတယ်။ ဗီလာနဲ့ပွဲမှာ ခြေစွမ်းပိုင်း လိုအပ်ချက်တွေရှိပေမယ့် လိုအပ်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့သလို အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane (၂)ဂိုးသွင်းပြီး စောစောစီးစီးပဲ သွင်းဂိုးဈေးဦးဖောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီပိတ်က ဘုန်းမောက်နဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ ဆွန်ဟောင်မင် Son Heung-min ပွဲပယ်ခံထားရတဲ့အပြင် အယ်လီ Dele Alli ကလည်း ဒဏ်ရာပြဿနာရှိနေတယ်။ ၂၀၁၀-၁၁ ရာသီကစလို့ အခုအချိန်အထိ အီတီဟတ်ကွင်း ပြိုင်ပွဲစုံ (၁၀)ပွဲဆုံတွေ့ခဲ့တာမှာ စပါးအသင်း (၁)ပွဲပဲနိုင်ခဲ့တာကြောင့် အခုပွဲမှာလည်း မလွယ်လောက်ပါဘူး။ မန်စီးတီးကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး (၂-၁)လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

Photo:.manchestereveningnews
Naing Linn(Akhayar)
www.akhayar.com