ပရီးမီးယားလိဂ်ပြိုင်ပွဲဆိုတာက ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးပြိုင်ပွဲဖြစ်ပြီး ဒီလိုလိဂ်မျိုးမှာ နည်းပြအဖြစ် ဆောင်ရွက်ခွင့် ရတာက ကံကောင်းတယ်လို့ ပြောရမှာပါ။ လက်ရှိပရီးမီးယားလိဂ် ကလပ်အသင်း(၂၀)ရဲ့ နည်းပြတွေအနေနဲ့ ကိုယ့်အသင်း ရလဒ်ကောင်းအောင် ကြိုးစားနေရပြီး ဖိအားတွေအောက်မှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ နည်းပြအများစုက ဘောလုံးသမားဘ၀ကို ဖြတ်သန်းပြီးမှ နည်းပြအဖြစ် ပြောင်းလဲသူတွေဖြစ်တာကြောင့် ကိုယ်ပိုင် Idea တွေ အသီးသီးရှိကြပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတချို့က နည်းပြတွေ ကစားသမားဘ၀မှာ ဘယ်လိုဖြတ်သန်းခဲ့လဲ၊ ဘယ်လောက်အထိ အောင်မြင်ခဲ့ကြလဲဆိုတာ အပိုင်း(၂)အဖြစ် ဖော်ပြလိုက်ပါတယ် . .

Unai Emery (Arsenal)

အူနိုင်းအမ်မရီ Unai Emery နည်းပြဘ၀အောင်မြင်မှုတွေကို လူသိများပေမယ့် သူ့ရဲ့ ကစားသမားဘ၀ ဖြတ်သန်းမှုကို သိတဲ့သူနည်းပါတယ်။ သူက ဇီဒန်း Zidane လိုမျိုး ကစားသမားဘ၀မှာ အောင်မြင်ခဲ့တဲ့သူတော့ မဟုတ်ဘူး။ သူကစားခဲ့တဲ့ ကလပ်အများစုက လာလီဂါဒုတိယတန်းအသင်းတွေသာဖြစ်ပြီး လာလီဂါမှာ စုစုပေါင်း(၅)ပွဲသာ ကစားခဲ့ဖူးပါတယ်။ ဒူးဒဏ်ရာကြောင့် ၂၀၀၄-၀၅ ရာသီမှာ ကစားသမားဘ၀ကို အဆုံးသတ်ခဲ့ရပြီး အဲဒီအချိန်တုန်းက အမ်မရီရဲ့အသက်က (၃၂)နှစ်သာရှိသေးတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘောလုံးသမားဘ၀ကို စွန့်လွှတ်ခဲ့ရတာပါ။ ကစားသမားဘ၀မှာ မအောင်မြင်ခဲ့ပေမယ့် နည်းပြဘ၀မှာတော့ အမ်မရီဟာ ယူရိုပါလိဂ်ကို စံချိန်တင်အဖြစ်(၃)ကြိမ်ဆက်ရရှိခဲ့ပြီး PSG အသင်းမှာလည်း ပြည်တွင်းဆုဖလားတွေ ရယူခဲ့တာကြောင့် အောင်မြင်တယ်လို့ပြောရမှာဖြစ်ပါတယ်။

Nuno Espirito Santo (Wolves)

ဝုလ်ဗ်အသင်းကို အဆင့်အတန်းတစ်ခုရောက်အောင် ပို့ဆောင်နိုင်ခဲ့တဲ့ နူနိုဆန်တို Nuno Espirito Santo ဟာ ကစားသမားဘ၀မှာလည်း ပေါ်တိုအသင်းနဲ့အတူ မထင်မှတ်လောက်အောင်ကို အောင်မြင်ခဲ့ပါတယ်။ သူများတွေလို နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းကစားသမား မဟုတ်ဘဲ ဂိုးသမားအဖြစ် ကစားခဲ့တာက ထူးခြားမှုတစ်ခုပါ။ နောက်ထပ် အံ့အားသင့်ဖို့ကောင်းတာက ဆန်တိုဟာ ပေါ်တိုအသင်းမှာ ကစားခဲ့တုန်းက မော်ရင်ဟို Jose Mourinho နဲ့ လက်တွဲခဲ့ဖူးပြီး ချန်ပီယံလိဂ်၊ UEFA (ယူရိုပါလိဂ်)ဖလားလို အဓိကဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ပရိသတ်တွေ သတိမထားမိတာက နူနိုဆန်တိုဟာ ပေါ်တိုအသင်းမှာ ဗစ်တာဘိုင်ယာ Victor Bia ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားခွင့်ရခဲ့လို့ပါပဲ။

Steve Bruce (Newcastle United)

နည်းပြဘ၀မှာ မယ်မယ်ရရ အောင်မြင်မှု မရှိပေမယ့် စတိဗ်ဘရုစ်ရဲ့ ကစားသမားဘ၀မှတ်တမ်းက အထင်ကြီးစရာပါ။ သူ့ရဲ့ အခမ်းနားဆုံးနေ့ရက်တွေက မန်ယူအသင်းမှာ ကစားခဲ့ချိန်ဖြစ်ပြီး ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား(၃)ကြိမ်၊ European Cup Winners’ Cup (၁)ကြိမ်ရရှိခဲ့တယ်။ မန်ယူအသင်းမှာ ခြေစွမ်းပြခဲ့ပေမယ့်လည်း အင်္ဂလန်အသင်းအတွက် တစ်ခါမှ အရွေးမခံရတာတော့ အံ့အားသင့်ဖို့ ကောင်းပါတယ်။

Manuel Pellegrini (West Ham)

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုကို ရယူခဲ့တဲ့ တစ်ဦးတည်းသော ချီလီလူမျိုးနည်းပြအဖြစ် မှတ်တမ်းဝင်ထားတဲ့ ပယ်လီဂရီနီ Manuel Pellegrini ဟာ ကစားသမားဘ၀မှာလည်း One Club Player ဆိုတဲ့ ဂုဏ်ယူစရာ ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကစားသမားဘ၀ (၁၃)နှစ်စလုံးကို ချီလီကလပ် Universidad de Chile အသင်းမှာပဲ ကုန်ဆုံးခဲ့ပြီး အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံတစ်ကြိမ် ရယူခဲ့တယ်။ ပယ်လီဂရီနီဟာ ၁၉၈၆ ခုနှစ်မှာ ဘောလုံးသမားဘ၀ကနေ အနားယူခဲ့ပြီး အဲဒီအချိန်တုန်းက သူ့အသက်က (၃၂)နှစ်ပဲရှိပါသေးတယ်။

Brendan Rodgers (Leicester City)

ကစားသမားဘ၀မှာ ကံအဆိုးဆုံးလို့ သတ်မှတ်ရမှာက လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ Brendan Rodgers ပါပဲ။ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် အသက်(၂၀)အရွယ်မှာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ကို စွန့်လွှတ်ခဲ့ရပြီး ငယ်ငယ်ကတည်းက နည်းပြဘ၀ကို လျှောက်လှမ်းဖို့ သင်ယူခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်မှာ ချယ်လ်ဆီး လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ဖို့ မော်ရင်ဟိုကိုယ်တိုင်က ကမ်းလှမ်းခဲ့ပြီး (၄)နှစ်ကြာ ကိုင်တွယ်ခဲ့တယ်။ အဲဒီနောက်မှာ ဆွမ်ဆီး၊ လီဗာပူးလ်၊ ဆဲလ်တစ်အသင်းနည်းပြဆောင်ရွက်ခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အသင်းတချို့က နည်းပြတွေရဲ့ ကစားသမားဘ၀ ဖြတ်သန်းမှုများ အပိုင်း(၁)ဖတ်ရန်လင့်ခ်

REF:talksport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com